မြောက်ဦး သျှစ်သောင်းဘုရားမှာ ဂေါပကတစ်ယောက် သတ်ဖြတ်ခံရ

By Narinjara / 2025 February 26

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းပုထိုးတစ်ဆူဖြစ်သည့် သျှစ်သောင်းဘုရားတွင် ဂေါပကလူကြီးတစ်ဦးသည် ယမန်နေ့က သတ်ဖြတ်ခံလိုက်ရကြောင်း သိရသည်။

သတ်ဖြတ်ခံရသူမှာ သျှစ်သောင်းဘုရားဂေါပကလူကြီးတစ်ဦးဖြစ်သည့် ဦးအောင်မြင့်ဇော်ဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် သျှစ်သောင်းပုထိုးအတွင်းရှိ အလှူခံဌာန၌ ရှိနေစဉ် အမည်မသိလူတစ်ဦးက ဓားဖြင့်ခုတ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

“အလှူခံဌာနမှာ အလှူခံလို့ရထားတဲ့ ပိုက်ဆံတွေကို တောင်းတယ်။ တောင်းလို့မရတော့ ဓားနဲ့ခုတ်သတ်ခဲ့တာ” ဟု ပြောသည်။

ဦးအောင်မြင့်ဇော်သည် ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟုလည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

သတ်ဖြတ်သွားခဲ့သူမှာ မင်းပြားမြို့မှဖြစ်ပြီး မြောက်ဦးမြို့တွင် အိမ်ထောင်ကျနေသူတစ်ဦးဖြစ်သည်ဟုလည်း ဒေသတွင်း သတင်းများအရ သိရသည်။

လက်ရှိတွင် အလှူခံငွေများ လုယူခံရခြင်းရှိ/မရှိနှင့် သတ်ဖြတ်ခဲ့သူအား အာရက္ခတပ်တော်(AA)၏ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS)အဖွဲ့က ဖမ်းဆီးရမိခြင်း ရှိ/ မရှိကို နိရဉ္စရာအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

https://www.facebook.com/narinjara.info/posts/1057154323118363

Leave a Reply

Your email address will not be published.