By Narinjara / 2025 February 26

ရခိုင်ဒေသတွင် စစ်ကျန်မိုင်းနှင့်အကြမ်းဖက်အန္တရာယ်ကိုစိုးရိမ်၍မေယုတောင်တွင်ဝါးခုတ်သူ နည်းပါး၍စျေးကွက်တွင်ဝါးများရှားပါကာဈေးမြင့်တက်နေကြောင်းသတင်းရရှိသည်။
၂၀၂၄ခုနှစ်ဒီဇင်ဘာလတွင်ဝါးအလုံး၁၀၀လျှင်ကျပ်လေးသောင်း၊ငါးသောင်းပတ်ဝန်းကျပ်သာစျေးရှိခဲ့ရာက ၂၀၂၅ခုနှစ်ဇန်နဝါရီလမှစတင်ပြီးဝါးအလုံးရေ၁၀၀လျှင်ကျပ်၁သိန်းကျော်အထိဈေးမြင့်တက်လျှက်ရှိနေကြောင်းဒေသခံများထံမှသိရသည်။
“အခုပွင့်လင်းရာသီမှာနေအိမ်တွေပြုပြင်ဖို့လိုနေပြီ။ ဝါးကိုကျနော်တို့ဒေသမှာက အဓိကအသုံးပြုနေကြတယ်။ဝါးဈေးမြင့်တက်လာတောနေအိမ်တွေပြုပြင်ဖို့အခက်အခဲဖြစ်နေကြရတယ်”ဟုဒေသခံတစ်ဦးကပြောဆိုသည်။
ရခိုင်ဒေသတွင်ဝါးကိုအိမ်မိုးရာတွင်လည်းကောင်း၊အိမ်ထရံကာရာတွင်လည်းကောင်း၊ခြံစည်းရိုးကာရံရာတွင်လည်းကောင်း၊ကွပ်ပျစ်နှင့်အိမ်ကြမ်းခင်းရာတွင်လည်းကောင်း၊တောင်း၊ခြင်းများအပါအဝင်အိမ်အသုံးအဆောင်များပြုလုပ်ရာတွင်လည်းကောင်း ဝါးကိုတွင်ကျယ်စွာအသုံးပြုနေကြရဆဲဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ဝါးစျေးနှုန်းမြင့်တက်နေသဖြင့်ဝါးကိုအဓိကအားထားနေရသည့်မောင်တောဒေသတွင်ပြည်သူများအခက်အခဲကြုံတွေ့နေရသည်ဟု၎င်းကပြောဆိုသည်။
” တစ်ဖက်ကမြေမြုပ်မိုင်းအန္တရာယ်ရှိသလိုတစ်ခြားတစ်ဘက်မှာအာဆာအန္တရာယ်လည်းရှိနေတော့လူတွေက မေယုတောင်တောနက်တွေအထိသွားရောက်ပြီးဝါးတွေမခုတ်တော့ဘူး။ဒါကြောင့်ဝါးစျေးကွက်မှာဝါးရှားပါးလာတာကြောင့်ဝါးဈေးနှုန်းကမြင့်တက်လာနေတယ်”ဟုမောင်တောဒေသခံတစ်ဦးကပြောကြားသည်။
ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များသည်ဝါးထွက်သောဒေသတစ်ခုဖြစ်ပြီးအထူးသဖြင့်မေယုတောင်နှင့်စိုင်းတင်တောင်တန်းသည်ဝါးထွက်သောတောင်တန်းများဖြစ်ကြပြီး ယခင်က တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ထိ တင်ပို့ကြကြောင်းသိရသည်။
မိုင်းအန္တရာယ်နှင့်အာဆာအကြမ်းဖက်ရန်များမရှိလျှင်ဒေသအတွင်းကလူမျိုးပေါင်းစုံကဝါးထုတ်လုပ်မှုကိုပိုမိုလုပ်ကိုင်လာနိုင်သဖြင့်အဆိုပါအန္တရာယ်(၂)ရပ်ကင်းရှင်းရန်ဒေသခံများကလိုလားနေကြသည်ဟုသိရသည်။
https://www.facebook.com/narinjara.info/posts/1056939789806483