By DMG / 2025 February 20

စစ်ကောင်စီကို တိုက်ထုတ်နေသည့် ချင်းတော်လှန်ရေးတပ်တစ်ခုဖြစ်သော မရာနယ်မြေအုပ်ချုပ် ရေးကောင်စီ/ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) ကို အာရက္ခတပ်တာ်က အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီ ၁၉ ရက်က မရာနယ်မြေအုပ်ချုပ်ရေးကောင်စီမှ ကျင်းပသော တတိယအကြိမ် မရာပြည်သူ့ ညီလာခံအခမ်းအနားသို့ အရက္ခတပ်တော် တာဝန်ရှိသူတက်ရောက်စဉ် ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အခုလည်း ကူညီနေသလို နောက်လည်း ကူညီသွားမှာပဲ။ မရာနဲ့ ရခိုင်ဆိုတာ အိမ်နီးနားချင်းဆိုသလို နောက်နောင် နှစ်ပေါင်းများစွာလည်း မဟာမိတ်အဖွဲ့နဲ့ တည်ရှိနေမှာ” ဟု အာရက္ခတပ်တော် အမှတ် (၃) တပ်မဟာ၊ ဗျူဟာမှူး ဗိုလ်မှူး မုန်တိုင်းက ပြောသည်။
ယင်းအပြင် ချင်းပြည်နယ်အတွင်း အရေးကြီးသည့် ဗျူဟာကုန်း၊ စခန်းများအား သိမ်းပိုက်ရာတွင် AA နှင့် မရတပ်ဖွဲ့တို့သည် တက်ညီလက်ညီဖြင့် တိုက်ပွဲအတူ ဝင်ခဲ့ကြသည်ဟုလည်း ပြောသည်။ လက်ရှိတွင် MTC/MDF အဖွဲ့ အစည်းအနေဖြင့်လည်း စစ်ရေး၊ နိုင်ငံရေးအရ ကြီးမားသည့် စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
“မရာလက်နက်ကိုင်အဖွဲ့အစည်းကို ဖွဲ့စည်းပြီးနောက်ပိုင်းမှာလည်း မရာခေါင်းဆောင်တွေနဲ့ ကျနော်တို့ ခေါင်းဆောင်တွေဟာ မဟာမိတ်ဆိုတဲ့ အနေအထားထက်ပိုလွန်ပြီး ရင်းနှီးမှုတွေ၊ ယုံကြည်မှုတွေ တည်ဆောက်ခဲ့တယ်။ အခက်အခဲတွေကိုလည်း အတူတူခါးစည်းပြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်” ဟု ဗိုလ်မှူး မုန်တိုင်းက ဆက်ပြောသည်။
၂၀၁၇ ခုနှစ်မှ စတင်ကာ မရာ ခေါင်းဆောင်များနှင့် AA ခေါင်းဆောင်တို့ ရင်းနှီးမှုတည်ဆောက်ပြီး ၂၀၁၉ ခုနှစ်တွင် အခက်အခဲ စိန်ခေါ် မှုများစွာကို ကျော်ဖြတ်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
မရာနယ်မြေအုပ်ချုပ်ကောင်စီ (MTC/ MDF) သည် ချင်းညီနောင်တပ်ဖွဲ့ (Chin Brother hood ) အဖွဲ့ဝင်လည်း ဖြစ်သည်။
ယင်းအပြင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ဇိုမီးဖက်ဒရယ်ယူနီယံ(ZFU)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC – Mindat)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁)၊ ယော PDF တို့နှင့် ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေးရှိသည်။
ထို့အတူ MTC/ MDF သည် ပလက်ဝ၊ မတူပီ၊ ကျင်ဒွေး၊ ကန်ပက်လက် မြို့သိမ်းတိုက်ပွဲများတွင် မဟာမိတ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်။
လက်ရှိ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး CNF ဦးဆောင်သည့် တော်လှန်ရေးတပ်အင်အားစုနှင့် ချင်းညီနောင် CB ဦးဆောင်သည့် တော်လှန်ရေးတပ်အင်အားစုဟူ၍ နှစ်ဖွဲ့ရှိပြီး ပြည်နယ်အနှံ့တွင် တိုက်ပွဲများဖော်ဆောင်နေသည်။
https://www.facebook.com/dmgnewsagency/posts/1032049115635351