By Narinjara / 2025 February 26

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရွှေဆိုင်တစ်ဆိုင်ကို နေ့ခင်းအချိန် ဓားပြလာတိုက်သူက ဓားဖြင့်ထိုး၍ ရွှေရောင်းနေသည့် ဆယ်ကျော်သက်လူငယ်တစ်ဦး ဓားဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဓားပြလာတိုက်သူမှာ ကျောက်တော်မြို့မှ ကျော်နိုင်ဆိုသူဖြစ်ပြီး ဓားဒဏ်ရာရသွားသူမှာ အသက် ၁၄ နှစ်အရွယ် မောင်မင်းဖြိုးဝေဖြစ်သည်။
ဓားပြတိုက်သူ ကျော်နိုင်သည် မင်းပြားမြို့နယ်၊ ကျေးရွာတစ်ခု၏ကားလမ်းမဘေးရှိ မြတ်ရတနာရွှေဆိုင်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အရိုးအသွားပါ (၆) လက်မခန့်ရှိသည့်ဓားဖြင့် ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ ဓားပြတိုက်စဉ် ရွှေဆိုင်အတွင်း ရွှေရောင်းနေသူများအနက် မောင်မင်းဖြိုးဝေက ဓားပြတိုက်သူအား ဖမ်းချုပ်စဉ် ဓားဖြင့်အထိုးခံရ၍ ယခုကဲ့သို့ ဓားဒဏ်ရာအချို့ရရှိခဲ့သည်ဟု ဆိုသည်။
ဒေသခံတစ်ဦးက “ဓားပြကို ဖမ်းချုပ်နေတုန်း ဓားနဲ့ လိုက်ထိုးလို့ အခုလို ဒဏ်ရာရသွားခဲ့တာပါ။ ရွှေတွေဘာတွေ ပါသွားလားဆိုတာတော့ အသေးစိတ်မသိရဘူး”ဟု ပြောသည်။
ဓားထိုးခံရ၍ မောင်မင်းဖြိုးဝေ၏ ညာဖက်နံစောင်း၊ ဘယ်ဖက်လက်ဖျံနှင့် ဘက်ဖက်ဒူးဆစ်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
လက်ရှိတွင် ဓားပြတိုက်သူကိုလည်း AA ၏ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနက ဖမ်းဆီးထိန်းသိမ်းထားပြီဟု သိရသည်။
https://www.facebook.com/narinjara.info/posts/1057162979784164