နတ်ရေကန်တပ်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို CDF- အရှို ဖြတ်တောက်တိုက်ခိုက်

By DMG  / 2025 February 23

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး စစ်ယာဉ်တန်းဖြင့် ဆုတ်ခွာစစ် ဆင်လာသော စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (အရှို) မှ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီ ယာဉ်တန်းကို ဖေဖော်ဝါရီ ၂၂ ရက်၊ နေ့လည် ၁ နာရီခွဲတွင် ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာ နတ်ရေကန် လမ်းဟောင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သလို လက်နက်ငယ် ၄ လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ယာဉ်တန်း ၄ စီးထဲမှ တစ်စီးပျက်စီးကာ တစ်စီး မီးလောင်ကျွမ်းခဲ့ပြီး မိမိတို့ဘက်မှ တပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း CDF- အရှို က ဆိုသည်။
လက်ရှိတွင် ငဖဲမြို့နယ်ရှိ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများမှာလည်း ပြင်းထန်နေသည်။

https://www.facebook.com/dmgnewsagency/posts/1034287925411470

Leave a Reply

Your email address will not be published.