By Narinjara / 2025 February 23

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ ယခုရက်ပိုင်းမှစတင်ကာ တိုက်ပွဲများဖြစ်ပွားလာနေသော်လည်း အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု သိရသည်။
ယင်းသို့အကောင်အထည်ဖော်နိုင်ရန်မြန်မာနှင့် တရုတ်အမျိုးသားပိုင်ကုမ္ပဏီ (CITIC)တို့ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁)၌ ကျင်းပခဲ့သည်ဟု ဖေဖော်ဝါရီ ၂၂ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြသည်။
အစည်းအဝေးတွင် စစ်ကောင်စီ၏ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့်ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်ကို၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးခဲ့ကာ Long Stop Date ကို ၁၈ လ ကာလသက်တမ်းတိုးပေးခဲ့သည်ဟု ပြောဆိုခဲ့သည်။
Long Stop Date သက်တမ်းတိုးမြှင့်ထားသည့်ကာလသည် လာမည့်ဇွန်လတွင် ပြည့်မြောက်မည်ဖြစ်ပြီးအဆိုပါသက်တမ်းမပြည့်မြောက်မီ လုပ်ငန်းများပြီးပြတ် အောင်ဆောင်ရွက်နိုင်ရန်ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည့်အတွက် သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်ကြရန်လိုကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့နောက် စစ်ကောင်စီ၏ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံကလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ရေးအတွက်အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သောသဘောတူစာချုပ်တွင်ဖော်ပြထားသည့်အတိုင်း မြန်မာ-တရုတ် နှစ်ဖက်အနေဖြင့် စီမံကိန်းမစတင်မီကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စာချုပ်ပါအချက်များအနက် မြန်မာဘက်ကဆောင်ရွက်ရမည့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရမည့်အချက် ၄ချက်တို့ကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်ဆောင်ရွက်ရန်လိုအပ်ပြီးသက်တမ်းတိုးမြှင့်ထားသည့် ကာလမတိုင်မီသက်ဆိုင်ရာဌာနများမှဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်ဇယားချမှတ်၍ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဟုလည်း ပြောဆိုခဲ့သည်။
အဆိုပါအစည်းအဝေးသို့ စစ်ကောင်စီ ဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းကိုကျောက်ဖြူမြို့နယ်မှ ကျေးရွာအုပ်စု ၉ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၃၅ရွာမှ မြေဧက ၄၂၈၉ ဒသမ ၃၂ ဧကတွင် တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်တည်ဆောက်ရန်လည်း တရုတ်အမျိုးသားပိုင်ကုမ္ပဏီ (CITIC)က တင်ဒါ အောင်မြင်ထားသည်ဟု သိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် လူနေအိမ်ရာစီမံကိန်း သုံးခုကိုအကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ယင်းအထဲမှ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ကနဦးအကောင်အထည်ဖော်မည်ဟု သိရသည်။
အဆိုပါရေနက်ဆိပ်ကမ်း စီမံကိန်းကိုကျောက်ဖြူမြို့၏အရှေ့ဘက် မဒေးကျွန်းပေါ်ရှိ မြေဧက ၃၇၀ နှင့်ရမ်းဗြဲကျွန်းပေါ်ရှိ မြေဧက ၂၃၇ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။
ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံကုန်ကျမည်ဟုလည်း လွတ်လပ်သောသုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ၏အစီရင်ခံစာများအရ သိရသည်။
https://www.facebook.com/narinjara.info/posts/1054549026712226