By Narinjara / 2025 January 27

ရခိုင်ပြည်၊ အမ်းမြို့နယ် တိုက်ပွဲများအတွင်းကထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၇ ဦးကို ခုနှစ်ရက်အတွင်းအရှင်ဖမ်းမိကြောင်း CDF Asho က ဇန်နဝါရီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ချင်းကာကွယ်ရေးတပ် – အရှို (CDF Asho) သည် အမ်း – ပဒါန်းလမ်းရှိ စစ်ကောင်စီ ဆုတ်ခွာရာလမ်းနှင့်စစ်ကြောင်းများကို ပိတ်ဆို့တားဆီးတိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ပိတ်ဆို့တားဆီးတိုက်ခိုက်ရာတွင် ဇန်နဝါရီ ၁၇ ရက်မှ ၂၅ ရက်အထိစစ်ကောင်စီသုံ့ပန်း စုစုပေါင်း (၁၇)ဦး၊ MA-1 (၅)လက်၊ MA-2 (၁)လက်၊ MA-4 (၁)လက်၊ MA-15 (၁)လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် အမ်း -ပဒါန်းလမ်းပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးလာသည့် တပ်မ (၉၉)မှစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အရှိုချင်းကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်းလည်း ဇန်နဝါရီလ ၂၀ရက်တွင်လည်း CDF Asho က ထုတ်ပြန်ထားသည်။
စခန်းစွန့်ခွာထွက်ပြေးလာသည့်တပ်မ (၉၉) မှစစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးအား မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းတစ်နေရာတွင် CDF Asho မှ တပ်စိတ် (၂) စိတ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၄ ရက်ကလည်း CDF Asho၊ New Society Army (NSA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်ကြီး (၁) ဦးအပါအဝင်စုစုပေါင်း စစ်သုံ့ပန်း (၁၂) ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/1035200245313771