ဟင်းရှာသွားစဉ် မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

By DMG / 2024 January 16

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ယမန်နေ့ (ဇန်နဝါရီ ၁၆ ရက်)က မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အသက် ၂၁ အရွယ် မနေဇာခိုင်သည် ရွာအနီးအနားတွင် ဟင်းရှာသွားစဉ် မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ မနေ့က နံနက်ပိုင်းမှာ မိုင်းနင်းမိတာ။ ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာပြင်းတယ်။ ဘယ်ဖက်ခြေထောက်တော့ ပြတ်ထွက်သွားတယ်” ဟု သူက ဆိုသည်။
လက်ရှိတွင် ဒဏ်ရာရရှိသွားသူမှာ နီးစပ်ရာဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ရခိုင်ဒေသတွင် တောတောင်အမှီပြုဒေသခံများမှာ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှုများ မကြာခဏကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်ကလည်း မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာမှဒေသခံတစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်ထွက်သွားခဲ့သည်။
အာရက္ခတပ်တော်(AA)သည် ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မိုင်းရှင်းလင်းရေးနှင့် မိုင်းအသိပညာပေးများ လုပ်ဆောင်နေသော်လည်း ထိရောက်မှုအားနည်းနေဆဲဖြစ်ကြောင်း ပြောဆိုကြသည်။
“ မိုင်းအသိပညာပေးတွေ ဆက်တိုက်လုပ်ဆောင်နေပေမယ့် မြေပြင်မှာ ထိရောက်မှုအားနည်းတာကို တွေ့ရတယ်။ မိုင်းအန္တရာယ်က သေနိုင်တယ်ဆိုတာ သိကြပေမယ့် နမော်နမဲ့နဲ့ သွားကြလာကြတော့ ထိခိုက်ကြတာတွေများ တယ်” ဟု စေတီပြင်ပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
၎င်းက ဆက်လက်၍ “ ဒေသခံတွေ စိတ်ဝင်စားလာအောင် ဘယ်လောက်အန္တရာယ်ရှိတယ်။ ဘယ်လိုနေရာတွေကို သတိထားသွားသင့်တယ်ဆိုတာတို့ တပ်တော်(AA)နဲ့ လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းပြီးတော့ပိုပြီး ထိရောက်လာအောင် လုပ်ပေးဖို့လိုအပ်တယ်။ သတိပေးစာစောင်တွေဆိုလည်း ထင်သာမြင်သာရှိတဲ့နေရာတွေမှာ သေသေချာချာစိုက်ထူပေးဖို့လို အပ်တယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၃၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၂ ဦးရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)၏ စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/1007042404802689

Leave a Reply

Your email address will not be published.