ရမ်းဗြဲတွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေ

By DMG / 2024 January 14

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
ရမ်းဗြဲတွင် နေရပ်မပြန်နိုင်ကြသေးသည့် ဒေသခံများအပြင် ကျောက်ဖြူ၊ စနဲနှင့် တောင်ကုတ်စသည့် မြို့နယ်များမှ လာရောက်တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များလည်းပါဝင်ပြီး မြို့နယ်အနှံ့ စစ်ဘေးရှောင်စခန်းများတွင် ပြန့်ကြဲနေထိုင်နေကြရကြောင်း သိရသည်။
ရမ္မာမြီ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်တွေကတော့ နေရာတိုင်းနီးပါးမှာရှိ နေတယ်။ ကျနော်တို့ကူညီနေပေမယ့် ဆန်အပါအဝင် စားနပ်ရိက္ခာတွေ၊ ဆေးဝါးကအစ လိုအပ်နေတုန်းပဲ။ ဆေးရုံဆေးခန်းအခက်အခဲလည်း ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ အကူအညီအထောက်အပံ့နည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းတို့ကြောင့် အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။
ထို့အပြင် ရမ်းဗြဲတွင် ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများ နည်းပါးသဖြင့်လည်း စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် အခက်အခဲများစွာရှိနေကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်မှ ရမ်းဗြဲတွင်စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးက “ကိုယ့်အိမ်ကို ပြန်ချင်တဲ့စိတ် များနေတယ်။ ဒီကလူတွေက ကူညီကြတာဟုတ်ပေမယ့် ကိုယ့်မှာအလုပ်အကိုင်မရှိတော့ မိသားစုတစ်ခုလုံး အတွက်က ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ စားဖို့သောက်ဖို့တောင် အများကြီးတွေးပူရတယ်” ဟု ပြောသည်။
ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းဖြတ်တောက်မှုနောက်ဆက်တွဲအဖြစ် ဒေသခံများမှာ ဆေးဝါးနှင့် ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရသည်။
“ရမ်းဗြဲမှာက နာတာရှည်ရောဂါတို့ဆိုရင် ဆေးကုသဖို့အခက်အခဲရှိတော့ ပြည်မဘက်ကို သွားပြီး ဆေးကုသဖို့လုပ်ရင်လည်း ထွေ/အုပ်ထောက်ခံစာတို့ ဘာတို့ အပြည့်အစုံရမှ လေကြောင်းနဲ့သွားလို့ရတာ။ ဒီအထောက်အထားတွေကို စောင့်ရင်းနဲ့ပဲ ဆေးကုသမှုမခံယူနိုင်ဘဲ အသက်ဆုံးသွားရတာတွေလည်း ရှိတယ် ” ဟု ရမ္မမြီ ပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ရှိနေသဖြင့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရသည်။
ရခိုင်တွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ ၅၅၀,၀၀၀ ကျော်အထိရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ စာရင်းများအရ သိရသည်

https://www.facebook.com/dmgnewsagency/posts/1005649548275308

Leave a Reply

Your email address will not be published.