ရခိုင်ဒေသတွင် မြေပဲဈေးကွက်မရှိသဖြင့် တောင်သူများ အခက်ကြုံ

By DMG / 2024 January 17

သွင်းအားစုစရိတ်ကြီးမားစွာဖြင့် စိုက်ပျိုးထားကြသည့် ရခိုင်တောင်သူများမှာ ယခု မြေပဲပေါ်ရာသီတွင်လည်း ဈေးကွက်မရှိဖြစ်နေသဖြင့် အခက်ကြုံနေရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က မြေပဲ တစ်တောင်းကို ငွေကျပ် ၁၅,၀၀၀ မှ ၁၇,၀၀၀ ကျပ်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ငွေကျပ် ၁၀,၀၀၀ မှ ၁၂,၀၀၀ ကျပ်သာ အမြင့်ဆုံးရရှိကြောင်း မြေပဲစိုက်တောင်သူများက ဆိုကြသည်။
“မနှစ်က ဒီအချိန် တိုက်ပွဲတွေ ဖြစ်နေတာတောင် ဈေးကောင်းကောင်းနဲ့ ရောင်းလိုက်ရသေးတယ်။ ဒီနှစ်တော့ ဝယ်မယ့်လူကလည်း သိပ်မရှိဘူး။ သူတို့ပေးတဲ့ ဈေးနဲ့တောင် ရောင်းရဖို့မလွယ်ဘူး” ဟု မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသမှ မြေပဲစိုက်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသတွင် ဆောင်းသီးနှံအဖြစ် မြေပဲအဓိကစိုက်ပျိုးကြပြီး မြေပဲစိုက် ဧက ၁ ထောင်ကျော်ရှိကြောင်း တောင်သူများက ခန့်မှန်းပြောဆိုကြသည်။
ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။
လက်ရှိ ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ဖြတ်တောက်ထားခြင်းကြောင့် ဒေသထွက်ကုန်များ မတင်ပို့နိုင်ပဲ ပြည်တွင်းစားသုံးရေးအတွက်သာ ဝယ်ယူသူပေးသည့်ဈေးဖြင့် ရောင်းချနေကြရသည်။
ရခိုင်ဒေသထွက် မြေပဲများကို ယခင်နှစ်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ခဲ့သဖြင့် တောင်သူများ အဆင်ပြေခဲ့သော်လည်း လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတင်ပို့နိုင်ခြင်းကြောင့် ဈေးကွက်မရှိဖြစ်နေ သည်။
“အရင်နှစ်တွေတုန်းကတော့ ကျနော်တို့ ကုန်သည်တွေက မြေပဲတောင့်တွေ ကုန်တင်ကား နှစ်စီးသုံးစီး လောက်ထိ ပြည့်အောင်ဝယ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကိုပို့ခဲ့တယ်။ အခု အဲဖက် အခြေအနေတွေက မတည် ငြိမ်တော့ ကျနော်တို့လည်း မစွန့်စားရဲဘူး။ ဆုံးရှုံးသွားရင် နစ်နာမှာလေ” ဟု မြောက်ဦးမြို့နယ်မှ ကုန်သည် ဦးကျော်မျိုးနိုင်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသတစ်ခုလုံးအား အာရက္ခတပ်တော် AA မှ သိမ်းပိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တစ်နိုင်တစ်ပိုင် ကုန်သွယ်ရေးများရှိနေသော်လည်း ယင်းထက် တရားဝင် လမ်းကြောင်းတစ်ခု ပွင့်လာစေရန် ကုန်သည်များ မျှော်လင့်နေကြသည်။
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ ရခိုင်တစ်ပြည်လုံးတွင် စိုက်ပျိုးမြေဧက ၁၂ သိန်းခွဲ ကျော်ရှိပြီး ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ဧက ၅ သိန်းကျော် ရှိသည်။ သို့သော်လည်း စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမြေ ဧကများလျော့နည်းလျက်ရှိသည်။

https://www.facebook.com/dmgnewsagency/posts/1007720518068211

Leave a Reply

Your email address will not be published.