ယိုးတရုပ်ကျေးရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၅ ဦးထိ ရှိလာ

By DMG / 2024 January 01

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်စံပြကျေးရွာကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ကလေးငယ်များအပါအဝင် ထိခိုက်ဒဏ်ရာရရှိသွားသည့် ဒေသခံအများအပြားထဲမှ နောက်ထပ် ဒေသခံ၂ ဦးမှာ ထပ်မံသေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၃၁) ရက်၊ နေ့လည် ၁ နာရီခွဲခန့်တွင် ယိုးတရုပ်ရွာရှိ ဇေယျမဏ္ဏိုင်ဘုန်းတော်ကြီး ကျောင်းနှင့် မူလွန် (၂) စာသင်ကျောင်းတို့ကို စစ်ကောင်စီက ဂျက်တိုက်လေယောဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သည်။

ဗုံးကြဲမှုကြောင့် ယိုးတရုပ်ကျေးရွာမှ ဒေါ်မသာလှ (၇၆) နှစ်၊ တန်းခိုးကျေးရွာမှ မဦးဆန်းနွယ် (၂၈) နှစ်နှင့် စစ်တွေ မြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ စစ်ဘေးရှောင်နေသူ မောင်မျိုးဇော်ထွန်း (၁၈) တို့မှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ယင်းအပြင် ယိုးတရုပ်ကျေးရွာမှ မောင်ညီဇော်လင်း (၁၆) နှစ်၊ ကိုကျော်ခန့်သူ (၃၀) နှစ်၊ ဦးလှဖြူ (၄၈) နှစ်၊ ဦးအောင်လှထွန်း (၅၃) နှစ်၊ ဦးထွန်းလှ (၆၀) နှစ်နှင့် စစ်ဘေးရှောင် မောင်မျိုးဟိန်းအောင် (၉) နှစ်၊ ဒေါ်စိုးညွန့် (၅၈) နှစ်အပါအဝင် ဒေသခံ ၁၂ ဦးမှာ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။

“ပထတစ်ကြိမ်က စာသင်ကျောင်းကိုကြဲတယ်။ နောက်ထပ်တစ်ကြိမ်က ဘုန်းကြီးကျောင်း ခြံဝန်းမှာ ကျတယ်။ အဆောက်အဦးတွေ အကုန်ပြိုသွားတယ်။ ဗုံးကြဲခံရတဲ့နေရာတွေက စစ်ဘေးရှောင်တွေပဲနေတာ” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများထဲမှ ညာဖက် ခြေထောက်ပြတ်သွားသည့် မောင်မျိုးဟိန်းအောင် (၉) နှစ်နှင့် ဦးလှဖြူ (၄၈) နှစ်တို့မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ ညနေပိုင်းတွင် ထပ်မံ သေဆုံးသွား၍ ယိုးတရုပ်ရွာ ဗုံးကြဲခံရမှုတွင် သေဆုံးသူ ၅ ဦးအထိ ရှိလာသည်။

ယင်းအပြင် အရေးပေါ် ဆေးကုသမှုခံယူနေသည့် စစ်ဘေးရှောင်များအပါအဝင် ဒဏ်ရာရရှိသွားသူများထဲမှ အများအပြားမှာ ဆေးကုသရန် ငွေကြေးအခက်အခဲရှိနေ၍ အကူအညီများ လိုအပ်နေသည်။

အရပ်သားနေထိုင်ရာ လူနေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများကို လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေ၍ ထိခိုက်သေဆုံးမှုအပြင် ဒေသခံများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု မြင့်တက်နေသည်။

“နောက်ထပ် လေယာဉ် လာမလားတွေးပြီး ကြောက်လန့်နေရတယ်။ ညဖက်ကျရင် လေယာဉ်ထပ်လာမှာ ကြောက်လို့ အနီးအနားက ရွာတွေကို ရှောင်ပြေးကြတဲ့သူတွေလည်း ရှိတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရခိုင်လွှတ်တော်အမတ်ဟောင်းတစ်ဦးက ယခုကဲ့သို့ ရူမြင်သည်။

“စစ်ကောင်စီက ပြည်သူတွေကို AA သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ မနေရဲအောင်၊ အုပ်ချုပ်ရေးတွေ ပုံမှန် လည်ပတ်တဲ့ အခြေအနေမဖြစ်အောင်၊ လူမှုစီးပွားရေးတွေကို မတည်ဆောက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည်သူတွေ ကြောက်သွားအောင် လေယာဉ်နဲ့ ဗုံးကြဲနေတာ” ဟု သူက ဆိုသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်အပြင် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းတို့ကြောင့် အရပ်သားသေဆုံးသူ ၁၈ ဦးရှိပြီး ဒဏ်ရာ ရရှိသူ ၇၄ ဦးအထိရှိကြောင်း DMG ၏ စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/996684229171840

Leave a Reply

Your email address will not be published.