By DMG / 2024 January 14

နှစ်ဘက်ကုန်သွယ်ရေးများ တစ်လခန့် ရပ်တန့်နေခဲ့ပြီးနောက် ပထမဆုံးအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဆိပ်ကမ်းတွင် ပဲအိတ် ၃၅၀ တင်ဆောင်လာသည့် ဘုတ်တစ်စီး ကုန်ချခဲ့ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရခိုင်ပြည် မောင်တောမြို့မှ ထွက်ခွာလာသည့် အဆိုပါ ပဲဘုတ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်၊ တနင်္ဂနွေနေ့ ညပိုင်းတွင် တက္ကနာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သွင်းကုန်ပြေစာကို ဆိပ်ကမ်းအာဏာပိုင်များထံ တင်ပြခဲ့ပြီး နောက်နေ့ နံနက်ပိုင်းတွင် ပဲအိတ်များကို ကုန်ချခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။ အဆိုပါပဲအိတ်များကို နိုင်ငံတစ်ဝန်းသို့ ဖြန့်ချိရောင်းချမည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါဆိပ်ကမ်းတွင် ပြီးခဲ့သောလ၌ ရောက်ရှိခဲ့သည့် ပဲအိတ်စုစုပေါင်း ၁၅၆၀ အိတ်ရှိသည်ဟုလည်း သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လက်ရှိပဋိပက္ခများကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးကို အကြီးအကျယ် ထိခိုက်လျက်ရှိသည်ဟု တက္ကနာဆိပ်ကမ်းကို လည်ပတ်နေသည့် United Land Port ကုမ္ပဏီမန်နေဂျာ ဆာယစ်မိုဟာမက်အန်နဝါဟူစိန်က ပြောကြားသည်။
ဆိပ်ကမ်းရှိ သွင်းကုန်-ထုတ်ကုန် လုပ်ငန်းများသည် ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး နယ်စပ်ကုန်သွယ်ရေး သည်လည်း အကြီးအကျယ် ကျဆင်းနေသည်။
“ကျွန်တော်တို့ကုန်စည် အများအပြား မြန်မာဘက်မှာ ပိတ်မိနေပါတယ်။ အလုပ်တွေလည်း အကုန်ရပ်ထားရတယ်။ မြန်မာဘက်က အခြေအနေတွေ မြန်မြန်တည်ငြိမ်ပြီး တက္ကနာဆိပ်ကမ်းမှာ သွင်းကုန်-ထုတ်ကုန် လုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကုန်သည်တစ်ဦးဖြစ်သူ အူလာက ဒါကာထရီဗျူးန်သို့ ပြောကြားသည်။
မြန်မာဘက်မှ ကုန်သင်္ဘော တက္ကနာဆိပ်ကမ်းသို့ နောက်ဆုံး ရောက်ရှိခဲ့သည်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ဖြစ်သည်။ မောင်တောမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်လိုက်သည့် ဒီဇင်ဘာလ ၈ ရက်နေ့နောက်ပိုင်းတွင် တက္ကနာဆိပ်ကမ်းသို့ ကုန်သင်္ဘော တစ်စင်းမှ မရောက်သေးကြောင်း ဒါကာထရီဗျူးန်သတင်းတွင် ဖော်ပြချက်အရ သိရသည်။
https://www.facebook.com/dmgnewsagency/posts/1005625274944402