စစ်တွေ၊ ဝါဘိုကျေးရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

By DMG / 2024 January 16

စစ်ကောင်စီသည် ရခိုင်ပြည်တွင် နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများရှိနေပြီး စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို ယနေ့ (ဇန်နဝါရီလ ၁၆) နံနက် ၃ နာရီခန့်က ဂျက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်နေရာများတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ စစ်ဆိုင်ထားကြပြီး မကြာခဏ ပစ်ခတ်မှုများလည်းရှိကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းကတော့ ဗုံး ၂ ကြိမ်ကြဲသွားတယ်။ ရွာထဲမှာကျတယ်။ ရွာမှာက လူတွေမရှိတော့ဘူး။ နေအိမ် တွေ မီးလောင်နေတာကိုတော့ မြင်ရတယ်။ ပျက်စီးမှုအရေအတွက်ကို မသိရဘူး” ဟု ယင်း အခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းအပြင် ယနေ့နံနက်ပိုင်းကစပြီး စစ်တွေမြို့ပေါ်ရှိ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ရွှေမင်းဂံဆိပ်ကမ်းရှိ နေဗီတို့ကလည်း ဝါဘိုနှင့်အနီးတဝိုက်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာသို့ကျရောက်ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးမှုများရှိကြောင်း သိရသည်။

စစ်တွေမြို့နယ် ဝါဘို၊ ညိုရောင်ချောင်း၊ ကံ့ကော်ကျွန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်၊ စပါးထား၊ အိုင်ဒင် စသည့် နယ်စပ်ကျေးရွာများမှ ဒေသခံများများဘေးလွတ်ရာသို့ ထွက်ပြေးနေသဖြင့် လူနေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

ဝါဘိုကျေးရွာကနေ စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးက‌ “ရွာမှာ လူမရှိတာက ၁ နှစ်လောက်ရှိပြီ။ အကုန် လုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်။ ကျမတို့လည်း အခုဆိုရင် စစ်ဘေးရှောင်နေတာ တစ်နှစ်လောက်ရှိ ပြီ။ ရွာမှာ ဘာဖြစ်နေတယ်ဆိုတာ မသိရဘူး။ အကုန်လုံးပျက်စီးနေပြီ ထင်တယ်။ အခုလည်း ဗုံးလာကြဲတော့ ဘာမှကျန်တော့မှာ မဟုတ်လောက်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်တွင် မြို့နယ် ၁၇ မြို့ ရှိသည့်အနက် ၁၄ မြို့နယ်ကို AA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားသည်။ စစ်တွေသည် ရခိုင်ပြည်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေသေးသည့် စစ်ကောင်စီထိန်းချုပ်ဆဲ မြို့ဖြစ်သည်။

စစ်ကောင်စီသည် စစ်တွေမြို့ကို AA ထိုးစစ်ဆင်လာမည်ကိုစိုးရိမ်၍ အနီးအနားရှိ ကျေးရွာ(၁၀) ကျော်မှ ဒေသခံများကို မြို့ထဲသို့ခေါ်ဆောင်ပြီး လူသားဒိုင်ကာအဖြစ် အသုံးပြုထားကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင်လည်း စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခြင်းများရှိနေသဖြင့် စစ်တွေမြို့ခံများမှာ လုံခြုံရေးစိုးရိမ်မှုများ ရှိနေကြသည်။

“စစ်တွေမှာတော့ ရဲတပ်ရင်းတွေနဲ့ နေဗီကနေ တစ်ညလုံး လက်နက်ကြီးပစ်သံတွေကြားရတယ်။ အိမ်တွေတောင် တုန်လှုပ်တဲ့အတွက် မအိပ်ရဲဘူး။ အခုလည်း မကြာခဏ ပစ်ခတ်သံတွေကြားနေတယ်။ ဆိုတော့ဘယ်နေ့ မြို့ထဲမှာ တိုက်ပွဲဖြစ်လာမလဲဆိုတာကို စိုးရိမ်နေရတယ်။ ထွက်ပြေးဖို့ နေရာ လည်းမရှိဘူး” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့အဝင်အထွက်နေရာများကို ပိတ်ဆို့ထားပြီး မြို့ပတ်လည်တွင် ထောင်နှင့်ချီသည့် မိုင်းများထောင်ထားပြီး ရှုခင်းသာလမ်းများ တွင်လည်း ခြံစည်းရိုးများဖြင့် ကာရံထားသည်။

ယင်းအပြင် စစ်သင်တန်းဆင်း မွတ်ဆလင် ၁,၀၀၀ ခန့်ကို တပ်ရင်းဌာနချုပ် အသီးသီးသို့ပို့ဆောင်ထားပြီး အင်အားဖြည့်တင်းကာ AA ထိုးစစ်ကိုခုခံရန် ပြန်ဆင်ထားကြောင်းလည်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/1007096181463978

Leave a Reply

Your email address will not be published.