By Narinjara / 2024 December 06
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး၊ ဧရာ၀တီတိုင်းနှင့် ကပ်ရပ်တည်ရှိသည့် ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်( AA) ၏ ဆင်နွှဲနေသည့် ထိုးစစ်မှာ ဂွမြို့ မြောက်ဘက် ၄ မိုင်ခန့်အကွာ စည်ပင်နှင့် ကျောက်ကြီးကျေးရွာအနီးသို့ ရောက်ရှိလာပြီဟု သတင်းရရှိသည်။
“ တိုက်ပွဲက ဂွမြို့နားကို ကပ်လာပါပြီ။ ဒီကနေ့ မနက်ကနေ ဂွမြို့က ၄ မိုင်အကွာ စည်ပင်နဲ့ ကျောက်ကြီးကျေးရွာအနီးမှာ အပြင်းအထန်ဖြစ်နေပါတယ်။ လေကြောင်းနဲ့ ရေကြောင်းကပါ အကြီးအကျယ်ပစ်ကူနေပါတယ်”ဟု ဂွဒေသခံပြည်သူတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် ရွာသစ်ကုန်းကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို အရောင်ပြ စစ်ဆိုင်ထားပြီးနောက် ၎င်းရွာသစ်ကုန်းကျေးရွာစခန်းကို ချန်ထားခဲ့ပြီး စည်ပင်ရွာနှင့် ကျောက်ကြီးရှိ စစ်ကောင်စီတပ်များကို ဝင်တိုက်သည်ဟု ၎င်းက ပြောဆိုသည်။
အေအေက တင်းတော၊ အမော်၊ ရွာသစ်ကုန်း၊ လူပုန်းကွင်းတို့မှာ စကစတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အခုအဲဒီရွာကို ကျော်လာပြီး စည်ပင်ထိ ရောက်လာတယ်။ စကစ လေတပ်ကလည်း အကြိမ်ကြိမ် ဗုံးကြဲတယ်။ ရေတပ်ကလည်း အပြင်းအထန် ပစ်ကူတယ်။ ဒါပေမယ့် စကစ တပ်တွေ ဆုတ်ပေးလိုက်ရပြီး စည်ပင်ကို ရောက်လာတာပါ။ စည်ပင်ဆိုတာက ကျေးရွာတစ်ရွာပါ။ NLD လက်ထက်က စက်မှုအထက်တန်း ဆောက်ခဲ့တဲ့ ရွာပါ။ အဲဒီအနီးမှာ ဒီကနေ့ မနက်ကနေ ညနေထိ တိုက်ပွဲဖြစ်နေတာပါ”ဟု ပြောသည်။
စစ်ကောင်စီသည် ရွာသစ်ကုန်းကျေးရွာတွင် AA ၏ ထိုးစစ်ကို ခုခံရန် အင်အားအများအပြား ချထားသော်လည်း AA က ရွာသစ်ကုန်းကို မတိုက်ဘဲ ၎င်းရွာကို ကျော်လွန်ကာ ဂွမြို့သို့ ဦးတည်ကာ ချီတက်လာသည်ဟု ဆိုသည်။
နောက်ထပ် စစ်ရေးလေ့လာသုံးသပ်နေသူ တစ်ဦးက “ အေအေ ရဟိုင်းကူးတို့ဘက်က ဖြတ်ဝင်တာလည်း ဖြစ်နိုင်ပါတယ်။ အခုအနေအထားဆိုရင် ဂွမြို့ကို အေအေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ အနေအထားရောက်ရှိသွားပါပြီ။ ဂွမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ခမရ ၅၆၃ နဲ့ ၅၆၂ ကို တိုက်ခိုက်မလား၊ ဒါမှမဟုတ်ရင် အဲဒီတပ်ရင်းတွေကို သိမ်းပြီးမှ ဂွမြို့ကို သိမ်းမလား။ တတ်အပ်တော့ မပြောနိုင်သေးဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်း အဖြေပေါ်မယ်” ဟု ပြောဆိုသည်။
လက်ရှိ နောက်ဆုံးရသော သတင်းအရ ဂွမြို့ပေါ်တွင် ကျန်ရှိနေသည့် ပြည်သူများအား ယခုချက်ချင်း မြို့ထဲကနေ ထွက်ခွာသွားရန်နှင့် ဒီဇင်ဘာ ၁၀ ရက်နေ့က စပြီး ရိုးကျော်လမ်း အပါ၀အဝင် ဧရာ၀တီတိုင်းသို့ ထွက်ပေါက် ဝင်ပေါက်များကို ပိတ်ရန် စစ်ကောင်စီက အမိန့်ထုတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
ဂွမြို့သည် ဧရာ၀တီတိုင်း ဝင်ပေါက်ဖြစ်သဖြင့် စစ်ကောင်စီအတွက် စစ်ရေးအရ အချက်အချာကျပြီး အရေးကြီသည့် မြို့တစ်မြို့ဖြစ်သဖြင့် စစ်ကူအင်အားအများအပြားနှင့်အတူ တင့်ကားအများအပြားကိုလည်း အားဖြည့်ထားသည်ဟု သိရသည်။
ရခိုင်ပြည်တွင် ဂွအပါအဝင် တောင်ကုတ်၊ အမ်းနှင့် မောင်တောတို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး မောင်တော နခခ (၅) တိုက်ပွဲမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
https://www.facebook.com/narinjara.info/posts/998267712340358