By Narinjara / 2024 December 24





အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်ဖွဲ့ထားသည့် ချင်းညီနောင်သည် ချင်းပြည်နယ်စစ်ဆင်ရေးတွင် လက်စွမ်းပြနေပြီး ချင်းပြည်နယ်တောင်ပိုင်းမှ မြို့နယ် ၂ ခုကို ရှေ့ဆင့် နောက်ဆင့် သိမ်းပိုက်ခဲ့သည်။
အဆိုပါ မြို့နယ် ၂ ခုမှာ မင်းတပ်နှင့် ကန်ပလက်မြို့နယ်တို့ ဖြစ်ကြသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့က မင်းတပ်မြို့သိမ်း စစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း သတင်း ထုတ်ပြန်ပြီးနောက် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ အောင်မြင် ပြီးမြောက်ကြောင်း ချင်းညီနောင်(CHIN BROTHERHOOD) မှ ထပ်မံထုတ်ပြန် ကြေညာသည်။
ဒီဇင်ဘာ ၂၃ ရက်နေ့က ကန်ပက်လက် မြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် “ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်တစ်ခုလုံးသည်ချင်းညီနောင်အဖွဲ့၏ထိန်းချုပ်မှုအောက်တွင်အလုံးစုံရောက်ရှိပြီဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းညီနောင်သည်ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ်ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ (၂၂) ရက်နေ့တွင်စတင်ခဲ့ပြီး စစ်ဆင်ရေး စတင်သည့်နေ့မှာပင်စစ်ကောင်စီ တပ်များတပ်စွဲထားသည့်နေရာများမှ အသီးသီးမှထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ကန်ပက်လက် မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ခဲ့သည်။
၎င်းပြင်ချင်းညီနောင်သည်မဟာမိတ်အင်အားစုများသည် ဒီဇင်ဘာလ(၂၁)ရက်နေ့ကလည်း ချင်းပြည်၊မင်းတပ်မြို့အခြေစိုက်အမှတ်(၂၇၄)ခြေလျင်တပ်ရင်းအားအပြီးတိုင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မြို့နယ်တစ်ခုလုံးကိုထိန်းချုပ်ခဲ့သည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲတွင်ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် Yaw Defense Force (YDF) Yaw Army (YA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း(၃)တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်။
မဟာမိတ်အာရက္ခတပ်တော်(AA)မှလည်းမင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင်စစ်လက်နက်၊ခဲယမ်း၊စစ်ကူများအပြင်စစ်ရေးဆိုင်ရာအကြံဉာဏ်များနှင့်လိုအပ်သောအကူအညီများကိုပံ့ပိုးကူညီခဲ့သည်ဟုချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များသည် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ အခြေစိုက်စစ်ဗျူဟာနှင့် ခလရ( ၁၄၀)ခြေလျင်တပ်ရင်းအား ၂၀၂၄ ခုနှစ် ဇွန် ၂၉ ရက်တွင်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ချင်းညီနောင်အဖွဲ့သည်မဟာမိတ်များဖြစ်သည့် အာရက္ခတပ်တော် (AA)၊ Yaw Army (YA)၊ Yaw Defense Force (YDF) တို့ပူးပေါင်း၍ ဇွန် ၉ ရက်တွင် မတူပီမြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့သည်။ ဇွန် ၁၇ ရက်က ခြေမြန်တပ်ရင်း ခမရ ၃၀၄ ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး ရက် ၂၀ အကြာဇွန်လ ၂၉ ရက်တွင် မတူပီမြို့ အခြေစိုက်စစ်ဗျူဟာနှင့် ခလရ( ၁၄၀) ကိုတိုက်ခိုက်သိမ်းယူကာ တမြို့ လုံးအားတစ်မြို့နယ်လုံးအား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
ချင်းပြည်တောင်ပိုင်းနယ်တစ်ခုလုံးအကြမ်းဖက်စစ်ကောင်စီထိန်းချုပ်မှုအောက်မှအလုံးစုံလွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်းနှင့်ချင်းပြည်နယ်အတွင်းကျန်ရှိနေသေးသည့်နေရာများတွင်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ချင်းညီနောင်နှင့်မဟာမိတ်အင်အားစုများအတူတကွဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ချင်းညီနောင်မှထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
https://www.facebook.com/narinjara.info/posts/1010891354411327