အမ်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲပြင်းထန်(လက်နက်ကြီးကျည် ကျေးရွာတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ၅ နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ)

By Narinjara / 2024 December 05

အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် အနီးအနားကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့၍ မိန်းခလေးငယ်တစ်ဦးအပါအဝင် ကျေးရွာသား၂ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

နပခမှပစ်ခတ်လိုက်သည် လက်နက်ကြီးကျည်တစ်လုံးသည် အမ်းမြို့အပြင်ဘက် ဆူးပုတ်ကုန်းကျေးရွာအနီးတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အသက် (၅)နှစ်အရွယ် မိန်းကလေး တစ်ဦးတို့ဒဏ်ရာရရှိသွားခဲ့သည်ဟု အမ်းမြို့ဒေသခံအမျိုးသားတစ်ဦး နိရဉ္စရာကိုပြောသည်။

“ အမ်း နပခမှာဒီနေ့တိုက်ပွဲ ပြင်းထန်နေတယ်။ စစ်ကောင်စီမှ လက်နက်ကြီးကျည်အဆက်မပြတ်ပစ်ခတ်တဲ့အတွက်ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့လယ်ပိုင်းက ဆူးပုတ်ကုန်းရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာတွေရှိတယ်။အဲဒီနပခထဲကနေအေအေကိုလက်နက်ကြီးတွေနဲ့ပြန်ပစ်တဲ့ကျည်တွေက တရစပ် ဆူးပုတ်ကုန်းရွာဖက်ကိုကျလို့ ရွာသားတွေထွက်ပြေးတဲ့အချိန်မှာ ဒဏ်ရာရသွားတာ” ဟု၎င်းပြောသည်။

၎င်းအပြင်စစ်ကောင်စီသည် ယနေ့တွင်လေကြောင်းမှ အမ်းမြို့ပေါ်သို့ တစ်ရက်လုံးနီးပါးဗုံးကြဲချခဲ့သည့်အတွက်မြို့ဟောင်းရပ်ကွက်၊မြို့သစ်ရပ်ကွက်၊ရပ်ကွက်(၁)၊(၂)၊(၃)၊ဈေးပိုင်းနှင့်အောက်ရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များမီးလောင်ပျက်စီးမှုများရှိခဲ့သည်ဟု အမ်းမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

” အခုဒီဇင်ဘာလအတွင်းမှာ ဒီရပ်ကွက်တွေမကြာမကြာ ဗုံးကျလို့အိမ်တွေမီးလောင်ပျက်စီးတာရှိတယ်။ဒီနေ့ တိုက်ပွဲတွေ အရမ်းပြင်းထန်နေတဲ့အတွက် လေယာဉ်နဲ့ လာချတော့ဒီနေ့ဆို ပိုဆိုးတယ်” ဟုပြောသည်။

အာရက္ခတပ်တော်( AA)သည် အမ်းမြို့တွင် အခြေစိုက်ထားသည့် တပ်ရင်း တပ်ဖွဲ့ (၂၀) ခန့်ကို သိမ်းပိုက်ပြီးနောက် ယခုရက်ပိုင်းအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

တိုက်ပွဲမှာ အလွန်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေသဖြင့် စစ်ကောင်စီတပ်သားများ၏ မိသားစုများက စစ်ကောင်စီအထက်လူကြီးများအား စစ်ကူလွှတ်ပေးရန် တောင်းဆိုမှုများလည်း ဆိုရှယ်မီဒီယာ လူမှုကွန်ရက်များပေါ်တွေ ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။

ဒီဇင်ဘာ ၂ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်းကို အဓိကထားကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျစေရန် ကာကွယ်နေရသည်ဟု သိရှိရသည်။

လက်ရှိဒဏ်ရာရရှိသွားသည့် ဒေသခံများ နေထိုင်သည့် ဆူးပူတ်ကုန်းရွာသည် အမ်းမြို့ပြင်တွင်တည်ရှိကာအိမ်ခြေ (၈၀)ဝန်းကျင်ရှိပြီး အမ်းမြို့ခံ စစ်ဘေးရှောင်များလည်းအဆိုပါရွာတွင် နေထိုင်ကြသည်ဟု သိရသည်။

လက်ရှိတွင် ရွာသူ/ရွာသားများမှာ စစ်ကောင်စီမှ လက်နက်ကြီးကျည်ပစ်ခတ်နေသည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

https://www.facebook.com/narinjara.info/posts/997659452401184

Leave a Reply

Your email address will not be published.