By Narinjara / 2024 December 04
အာရက္ခတပ်တော် ( AA) အမ်းမြို့ အခြေစိုက် သိမ်းပိုက်ရန် ကျန်နေသေးသည့် တပ်ရင်း၊ တပ်ဖွဲ့များနှင့် စခန်းကုန်များအားလုံးကို အပြီးသတ် သိမ်းပိုက်ပြီးနောက် တစ်ခုတည်းသော နောက်ဆုံး လက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့လယ်၁နာရီအချိန်ခန့်ကစတင်ကာ အာရက္ခတပ်တော် (AA)မှ နပခဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အေအေကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ထိမှန်၍ နပခဌာနချုပ်အတွင်း အဆောင်များ မီးလောင်ပျက်စီးသွားကြောင်း အမ်းဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။
” နပခကို ဒီနေ့ နေ့လယ် ၁နာရီကတည်းက AAကထိုးစစ်ဆင်နေတာပါ။ အပြန်အလှန်ပစ်ခတ်နေတာ။ နပခအဆောင်တချို့လည်းပျက်စီးသွားတယ်။ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရပါတယ်” ဟု ပြောသည်။
နောက်ဆုံးလက်ကျန်စခန်းများဖြစ်ကြသည့် အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ (၁၀) နှင့်အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကိုထပ်မံသိမ်းလိုက်ပြီဟု သိရသည်။
၎င်းပြင် အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)လုံခြုံရေးအတွက် ကာရန်ထားသည့် အရန် စခန်း(၃)ခုကိုအာရက္ခတပ်တော် (AA)မှ နိုဝင်ဘာ ၂၉ ရက်နေ့ က ထပ်မံသိမ်းပိုက်လိုက်ပြီးနောက်စစ်ကောင်စီတပ်သားများသည် အကျအဆုံးများစွာဖြင့် နပခ အတွင်းသို့ ဆက်လက် ဆုတ်ခွာ သွားခဲ့ကြသည်ဟု သိရသည်။
လက်ရှိတိုက်ပွဲများမှာနပခ ဌာနချုပ် အတွင်းသို့ တိုက်ပွဲရောက်ရှိလာပြီး အမ်းမြို့မရဲစခန်းအပါအဝင်အမ်းမြို့ပေါ် နေရာ အတော်များများကိုလည်းAA က ထိန်းချုပ်လိုက်ပြီဟုအမ်းဒေသခံများကပြောသည်။
စစ်ကောင်စီသည် နပခဌာချုပ် အနီးတဝိုက်၊ တပ်ရင်းဟောင်း၊မြို့အပြင် များကို လေယာဉ်ဖြင့်ဗုံးကြဲကာပစ်ကူပေးခဲ့သည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။
” စစ်ကောင်စီဖက်ကလေကြောင်းပစ်ကူတွေပေးတယ်။ အမ်းမှာဆို နပခတစ်ခုပဲကျန်ပြီ ဒါကြောင့်မို့ အသည်းအသန်ခုခံနေတာ။ နပခထဲမှာ စစ်အင်အားတွေလည်း ဖြည့်ထားတယ် ” ဟုပြောသည်။
အမ်းတိုက်ပွဲအတွင်း ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်သားအများအပြား AAထံလက်နက်ချသွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
နပခဌာနချုပ်ထဲတွင်အမ်းမြို့နယ်ရှိတပ်ရင်းများမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပြည်မဖက်မှ အင်အားဖြည့်ထားသည့် စစ်သားများ စုပေါင်းကာ ခုခံကာကွယ်တိုက်ခိုက်နေကြသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/996247542542375