By Narinjara / 2024 December 02
ရခိုင်ပြည်၊ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)လုံခြုံရေးအတွက် ကာရန်ထားသည့် အရန် စခန်း(၃)ခုကိုအာရက္ခတပ်တော် (AA)မှထပ်မံသိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။
အမ်းမြို့ထဲမှ မြို့သစ်ဓာတ်ပေါင်းစုစစ်ဘေးရှောင်စခန်းတွင်တပ်စွဲနေရာယူထားသည့် စစ်ကောင်စီစခန်း၊ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီစခန်းနှင့် လေယာဉ်ကွင်း(မြို့ဟောင်း)တွင် တပ်စွဲထားသည်စစ်စခန်းတို့ကို အာရက္ခတပ်တော် (AA)မှနိုဝင်ဘာ ၂၉ ရက်နေ့ကတည်းက သိမ်းပိုက်လိုက်ပြီဟု အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။
” ဒီစခန်းတွေက စစ်ကောင်စီ ဝင်ရောက်တပ်စွဲထားတဲ့ နေရာတွေပါ။ ဒီ ၃ ခုပေါင်းရင်စစ်အင်အား ၂၀၀ လောက်ရှိမယ်လို့ခန့်မှန်းရတယ်။အကုန်လုံး အေအေ သိမ်းသွားပြီ ” ဟုပြောသည်။
၎င်းစခန်း (၃)မှ စစ်ကောင်စီတပ်သားတချို့မှာ ဒဏ်ရာရရှိပြီးအဖမ်းဆီးခံရမှုများရှိသကဲ့သို့ တချို့မှာ နပခဌာနချုပ်သို့ ထွက်ပြေးသွားခဲ့ကြသည်ဟုပြောသည်။
သေဆုံးသူ၊ ဒဏ်ရာရတဲ့သူတွေရှိတယ်။ဒဏ်ရာနဲ့ အေအေဆီမှာ အဖမ်းခံရတဲ့စစ်သားတွေရှိတယ်။အဖမ်းမခံဘဲ နပခကိုဝင်ပြေးတဲ့ လူလည်းရှိတယ် ” ဟုပြောသည်။
လက်ရှိတိုက်ပွဲများမှာ နပခ ဌာနချုပ် အနီးတွင် ဖြစ်ပွားနေပြီး အမ်းမြို့မရဲစခန်းအပါအဝင် အမ်းမြို့ပေါ် နေရာ အတော်များများကို အေအေက ထိန်းချုပ်လိုက်ပြီဟု အမ်းဒေသခံတစ်ဦးက ပြောကြားသည်။
ယင်းအပြင်အမ်းမြို့မရဲစခန်းနှင့် အမှတ်(၉၁၉)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(BE)တပ်ရင်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် တပ်ရင်းမှူး ဝင်းထင်၊ဗိုလ်ကြီးဟိန်းပြည့်စုံအပါအဝင်ဗိုလ်ကြီး (၃)ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၅ ရက်နေ့ကတည်းကထွက်ပြေးလွတ်မြောက်နေသည်ဟု BE တပ်နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။
” အဲဒီ ဘီအီးတပ်က အမ်းတစ်မြို့လုံး ပတ်ပတ်လည်ကို မိုင်းထောင်သွားတာ။ သူ့ကို ဖမ်းမမိလိုက်ဘူး။ ထွက်ပြေးသွားတယ်လို့ သိရတယ်။ သူတို့ကဒီလ ၂၅ရက်နေ့ကထွက်ပြေးသွားတာပါ။အမ်းရိုးမမှာပျောက်ဆုံးနေတာ။ ဘယ်ကိုရောက်နေမှန်းတော့မသိရဘူး ။သူတို့အဖွဲ့ကအမ်းတမြို့လုံးကိုမိုင်းထောင်ဖို့တာဝန်ယူခဲ့တဲ့အဖွဲ့ဆိုတော့ဖမ်းမိဖို့လိုနေပါတယ် ” ဟု ပြောသည်။
အာရက္ခတပ်တော်သည်အမ်းမြို့အခြေစိုက်နပခ အနီးရှိ တပ်ရင်း၊တပ်ဖွဲ့ ပေါင်း (၁၀)ကျော်ကိုသိမ်းပိုက်ထားပြီး လက်ရှိတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တစ်ခုသာကျန်ရှိတော့ပြီး AAမှ ဝန်းရံ ပိတ်ဆို့ထားကြောင်း သိရသည်။
အမ်းမြို့ထဲတွင် ပိတ်မိနေသည့် မြို့ခံများကိုလည်း အာရက္ခတပ်တော်မှ တစ်သုတ်ပြီးတစ်သုတ်ကယ်ထုတ်ပေးလျက်ရှိရာအများစု ပြည်သူများမှာ ဘေးလွတ်ရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
https://www.facebook.com/narinjara.info/posts/994489882718141