မောင်တော နခခ(၅)မှ ထွက်ပြေးသွားသူများ ဒေသခံများကို အန္တရာယ်ပြုနေ 

By DMG / 2024 December 13

နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ – AA Info Desk

မောင်တောမြို့အခြေစိုက် နခခ (၅) စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများအား အန္တရာယ်ပြုမှုများ ရှိလာနေသည်။

နခခ(၅)မှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားတစ်ဦးသည် ဒီဇင်ဘာ ၁၂ ရက်၊ ညနေပိုင်းအချိန်တွင် မောင်တောမြို့နယ်၊ ကံသာယာကျေးရွာရှေ့ ရေကန်အနီးရှိ ရွာသားများကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ဒေသခံတစ်ဦး ဗုံးစထိမှန်၍ ဒဏ်ရာရရှိသွားခဲ့သည်။

“ကျနော်တို့လည်း အသွားအလာကို ဂရုစိုက်နေရတယ်။ စစ်ကောင်စီတပ်သားတွေက ဘယ်နေရာတွေမှာ ရှိနေမှန်းမှ မသိတာ” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မောင်တောဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ(၅)စခန်းကို AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက်ကာ မောင်တောမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်သည်။

နခခ (၅) မှ လက်နက်များဖြင့် ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များဖြစ်သော ARSA၊ RSO၊ ARA တပ်ဖွဲ့ဝင်အချို့ကို လိုက်လံရှာဖွေလျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

၎င်းတို့သည် ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟု ထင်ရသောနေရာများနှင့် ကျေးရွာများသို့ ထွက်ပြေးနေ၍ ဒေသခံများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် လိုအပ်နေသည်။

“သူတို့တွေက လက်နက်တွေနဲ့ ထွက်ပြေးသွားတာဆိုတော့ AA တပ်သားတွေနဲ့ တွေ့ရင်တောင် ပြန်ပြီး တိုက်ခိုက်တာရှိတယ်။ ဒေသခံတွေအတွက်ဆိုရင် လုံခြုံရေးက ပိုပြီးစိုးရိမ်ရတယ်” ဟု AA နှင့်နီးစပ်သော မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မောင်တောမြို့နယ်ကို အလုံးစုံသိမ်းပိုက်ပြီးနောက် စစ်ရေးလိုအပ်ချက်နှင့် ပြည့်သူ့လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နတ်မြစ်တစ်လျှောက် ရေကြောင်းသွားလာမှုများကို AA က ဒီဇင်ဘာ ၈ ရက်မှစ၍ အကန့်အသတ်မရှိ တားမြစ်ထားသည်။

မောင်တောဒေသ လက်တလော အခြေအနေများကြောင့် ဘင်္ဂလားဒေရှ်နိုင်ငံဘက်မှလည်း နယ်ခြားစောင့်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက နယ်စပ်တစ်လျှောက် ကင်းလှည့်စောင့်ကြပ်မှုများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိနေသည်။

https://www.facebook.com/dmgnewsagency/posts/983406153832981

Leave a Reply

Your email address will not be published.