မောင်တောနဲ့ ဘူးသီးတောင်မှာ ARSA အဖွဲ့က လူနည်းစု အမျိုးသမီးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ဦးကို သတ်ဖြတ်ပြီး ၃ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်၃ လုံးကိုမီးရှို့

By Narinjara / 2024 December 05

ရခိုင်ပြည်မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်းအကြမ်းဖက်အာဆာ( ARSA) အဖွဲ့က လူနည်းစု ဒိုင်းနက် (သက္ကမ) လူမျိုး အမျိုးသမီးငယ်တစ်ဦးအပါအဝင် အရပ်သား၂ဦးကို သတ်ဖြတ်ပြီး အရပ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်၃လုံးမီးရှို့ခဲ့သည်ဟုသတင်းရရှိသည်။

ဒီဇင်ဘာ၄ရက်နေ့လယ်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ဆင်စွယ်ရ ဒိုင်းနက်(သက္ကမ)ရွာကိုအကြမ်းဖက် ARSA လက်နက်ကိုင်အဖွဲ့ကစီးနင်းဝင်ရောက်လာပြီးသေနတ်များဖြင့်ပစ်ခတ်သဖြင့်အမျိုးသမီးငယ်တစ်ဦးကျည်ထိမှန်သေဆုံးသွားခဲ့သလိုနေအိမ်၃လုံးကိုမီးရှို့ကာရွာသား၃ယောက်လည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။

သေဆုံးခဲ့ရသည့်အမျိုးသမီးမှာဆင်စွယ်ရကျေးရွာမှလူနည်းစု ဒိုင်းနက်အမျိုးသမီးငယ် မခင်ဝင်း (၁၇နှစ်) ဖြစ်ကြောင်းသိရသည်။

၎င်းပြင် လူနည်းစု ဒိုင်းနက်လူမျိုး ၃ ဦးဖြစ်ကြသည့် ကိုရဲကိုကို(၂၆)နှစ်၊ကိုမောင်မောင်ဌေး (၂၂) နှစ်၊ဦးဦးလှဝင်း (၃၉) နှစ်တို့အားလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

အလားတူ မောင်တောမြို့နယ် အောင်ဇေယျရွာကဦးကျော်သာအောင် (၆၂)နှစ်ကိုလည်း ARSAအကြမ်းဖက်အဖွဲ့က သတ်ဖြတ်သွားခဲ့သည်ဟု သတင်းရရှိသည်။

ဦးကျော်သာအောင်သည် ဒီဇင်ဘာ ၄ ရက်န့ ညဇာ၅နာရီလောက်တွင် အောင်ဇေယျရွာဘုန်းကြီးကျောင်းအနီးလယ်ကွင်းပြင်အတွင်းနွားကျောင်းနေစဉ် အကြမ်းဖက် ARSA လက်နက်ကိုင်အဖွဲ့ကရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်သွားသည်ဟု ဒေသခံများက ပြောသည်။

အကြမ်းဖက် အာဆာအဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အပြစ်မဲ့အရပ်သား ပြည်သူများအား သတ်ဖြတ်မှုများ ပြုလုပ်နေသလို သူတို့၏ ရည်ရွယ်ချက်မှာ ဘာသာရေး လူမျိုးရေး ပဋိပက္ခများဖြစ်ပေါ်လာစေရန်နှင့် ဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်ရန် ဖန်တီးနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၎င်းပြင် အဆိုပါဒေသတွင် အစ္စလာမ်ဘာသာဝင်များမှအပ တစ်ခြားလူမျိုးများ နေထိုင်၍ မရအောင် ဖန်တီးနေခြင်းတစ်ရပ်အဖြစ် ရှုမြင်ကြောင်း အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးက ပြောကြားသည်။

အာဆာအဖွဲ့၏ သတ်ဖြတ်မှုကြောင့်​ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ ၁၈ ရက်နေ့ အထိ အရပ်သားပြည်သူ၂၂ယောက်ထက်မနည်း သေဆုံးပြီး ၆ယောက်ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းလူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကနိုဝင်ဘာ၁၈ရက်နေ့ ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/997563179077478

Leave a Reply

Your email address will not be published.