By DMG / 2024 December 20

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ချင်းညီနောင်အဖွဲ့(Chin Brotherhood) က ယနေ့ ထုတပြန်သည်။
ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သား ရဲတပ်သား စုစုပေါင်း ၁၆၈ ဦး လက်နက်ချ အညံ့ခံထားကြောင်း ထုတ်ပြန်သည်။
လက်ရှိတွင် မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်း အိမ်ရာ လိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီ ကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲတွေမှာ ယင်းအပြင် ကျန်ရှိနေသည့် မင်းတပ်ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ (၂၇၄) တပ်ရင်း တို့ကို ချင်းညီနောင် တပ် ဖွဲ့များက ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မင်း တပ် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်း အတွင်း ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၁၂၃ ဦးနှင့် အတူ ၎င်းတို့၏ မိသားစုဝင်များပါ လက်နက်ချ အညံ့ခံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းနည်းအတူ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားသည့် ဖလမ်း ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်း နေရာ များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးသည် လက်နက်ခဲ ယမ်းများ နှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လက်နက်ချ အညံ့ခံခဲ့သည်ဟု ချင်းညီနောင်က ဆိုသည်။
လက်ရှိတွင် ချင်းညီနောင်တပ်ဖွဲ့သည် ချင်းပြည်နယ်ရှိ မတူပီမြို့၊ ကျင်ဒွေးမြို့များကို အပြီးသတ် သိမ်းပိုက်ထားသည်။
https://www.facebook.com/dmgnewsagency/posts/988142146692715