By Narinjara / 2024 December 06
မောင်တော နခခ(၅)ကို တိုက်ခိုက်နေသည့် အာရက္ခတပ်တော်(AA)၏ ထိုးစစ်မှာ ယနေ့တွင် အပြင်းထန်ဆုံးအဆင့်သို့ရောက်ရှိလာပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
ဒေသခံမျက်မြင် ဒေသခံတစ်ဦးက “နခခ(၅)ကကျဆုံးတော့မယ့် အနေအထားရောက်နေပြီထင်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၆ ရက် မနက် ၉ နာရီကစပြီး Y-12 နဲ့ နခခ(၅)ဝန်းကျင်ကို ဗုံးကြဲတယ်။ မနက် ၉ နာရီ ၄၅ မှာလည်း ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင်၅၀၀ ဗုံး ၄ လုံးလာချတယ်။ အခု မနက် ၁၀ နာရီမှာ နောက်ထပ် ဂျက်ဖိုက်တစ်စီးလာပြီး ပေါင် ၅၀၀ ဗုံး နောက်ထပ် ၄ လုံးလာကြဲတယ်။ အခု မနက် ၁၀ နာရီ ၁၅ မှာ Y-12 နောက်တစ်စီးလာပြီးလှည့်ပတ်ကာ ဗုံးကြဲနေတယ်”ဟု ပြောသည်။
အာရက္ခတပ်တော်(AA)၏ နခခ(၅)အားထိုးစစ်မှာ ဒီဇင်ဘာလ ၅ ရက် ညမှစပြီး ယနေ့ နံနက်ဒီဇင်ဘာ ၆ ရက်နေ့ အထိအလွန်ပြင်းထန်လျှက်ရှိနေကြာင်း ၎င်းက ပြောကြားသည်။
စစ်ကောင်စီမှလည်း ယမန်နေ့ ညတစ်ညလုံးနှင့် ယနေ့နံနက်အထိဂျက်တိုက်လေယာဥ်များ ဖြင့် ပေါင် ၅၀၀၊ ပေါင် ၁၀၀၀ ဗုံးများဖြင့်အပြင်းထန်ဆုံးဗုံးကြဲခုခံလျှက်ရှိနေသလိုY-12 ဖြင့်ပါ ဗုံးကြဲချလျှက်ရှိနေသည်ဟုဆိုသည်။
“တိုက်ပွဲကမနေ့က ညအချိန်ကတည်း ကစပြီး ဒီနေ့မနက်အထိ အလွန်ကို အပြင်းအထန်ဆုံးဖြစ်နေကြတုန်းပါ။လက်နက်ကြီး၊ လက်ငယ်၊ စက်သေနတ်၊ အာရ်ပီဂျီစတဲ့ လက်နက်ပစ်သံတွေ တညလုံး ဆူညံစွာကြားနေကြရတယ်။ အခုမနက်လည်း ပစ်ခတ်နေကြတုန်းပါ”ဟု နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။
နခခ(၅)တပ်ရင်းအနီး၌ ဒီဇင်ဘာလ ၅ ရက်ည နေပိုင်းမှစတင်ပြီး ဒီဇင်ဘာ ၆ ရက်ယနေ့ မနက် ပိုင်းအထိတိုက်ပွဲအလွန်ပြင်းထန်လျှက်ရှိနေတာကြောင့် စစ်ကောင်စီမှ နခခ(၅)တပ်ရင်းဝန်းကျင်အား ညအချိန်နှင့် နံနက်အရုဏ်ပိုင်း၌ ဂျက်တိုက်လေယာဉ်ဖြင့် အကြိမ် ၂၀ ကျော်အထိ လာရောက်ဗုံးကြဲခဲ့သလို Y-12 ဖြင့် လည်း ဗုံးအလုံး ၄၀ ခန့် လှည့်ပတ်ကာ ကြဲချခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“တိုက်ပွဲက အလွန်ပြင်းထန်လာတော မနေ့ ည ၈ နာရီကျော်လောက်မှာ ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ နခခ(၅)အနီးကိုဗုံးကြဲတယ်။ တိုက်ပွဲကမရပ်ဘူး။ ပိုပြီးပြင်းလာတယ်။ ည ၁၀ နာလောက်မှာ Y-12နဲ့ လာပြီးဗုံးကြဲတယ်။ AAဖက်ကလည်း Y-12ကို စက်သေနတ်တွေနဲ့ လှမ်းပစ်သံတွေကြားရတယ်။ Y-12 က ဗုံးအလုံး ၄၀ လောက်ချခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲကလုံးဝမရပ်ဘူး။ ပိုလိုပြင်းထန် လာတယ်” ဟု ပြောဆိုသည်။
၎င်းပြင်သူက ” နေအိမ်တွေတုန်ခါတယ်။ ဂျက်အသံကြားတာနဲ့ နခခ(၅)ဖက်က အလင်းရောင်တွေထွက်လာပြီးမှပေါက်ကွဲသံကိုကြားရတာ။ မိုးအလင်းအထိ ဂျက်တိုက်လေယာဉ်နဲ့ ဆက်ပြီးဗုံးလာချခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှု က အကြိမ် ၂၀ ကျော် နေပြီ။ တိုက်ပွဲကခု မနက်အထိဆက်လက်ပြင်းထန်နေကြတယ်။ အပြန်အလှန် ပစ်နေကြတာ။ နခခ(၅)က ပစ်တဲ့ လက်နက်ကြီးက ၄ မိုင်အထိလားကျတာတွေရှိနေတယ်”ဟု ဒေသခံတစ်ဦးကပြောဆိုသည်။
ဒေသခံ စစ်ရေးလေ့လာသူတစ်ဦးက “အခုလိုနခခ(၅)အနီးကို လေကြောင်းကအပြင်းအထန်ဆုံးနဲ့အများဆုံးတိုက်ခိုက်လာနေတာကိုထောက်ရှုရင် နခခ(၅)တပ်ရင်းက ခံစစ်အနေအထား ပျက်စီးသွားပြီ။ မတောင့်ခံနိုင်ကြတောတဲ့ အခြေကို ရောက်ရှိလာနေတယ်။ ဒါကြောင့် မနေ့က ညကစပြီး ဒီနေ့လက်အချိန်အထိ ဂျက်တိုက်လေယာဉ်နဲ့ လာပြီးဗုံးချတယ်။ Y-12နဲ့ လာပြီးဗုံးကြဲတာတွေအဆက်မပြတ်ပြုလုပ်နေကြတယ်။ AAဖက်ကလည်းလက်နက်ကြီးပစ်တုန်း”ဟု ပြောဆိုသည်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေသော်လည်း AA၏ ထိုးစစ်မှာ ရပ်တန့်ခြင်းမရှိဘဲ့ တိုက်ပွဲမှာအပြင်းအထန်ဆုံး အနေအထားသို့ ရောက်ရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။
https://www.facebook.com/narinjara.info/posts/998068639026932