တော်လှန်ရေးတပ်ဖွဲ့တွေကို အစဉ်အဆက် လက်နက်ကြီတွေနဲ့ ပစ်ခတ်လာတဲ့ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပြန်အပစ်ခံရတဲ့အခါ ၀ရုန်းသုန်းကားဖြစ်ပြီး ဆောက်တည်မရ ဖြစ်နေကြဟုဆို

By Narinjara / 2024 December 05

တော်လှန်ရေးတပ်ဖွဲ့များကို လက်နက်ကြီးများဖြင့် အစဉ်အဆက် တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ပြန်အပစ်ခံရသည့်အခါ မည်သို့ ခုခံကာကွယ်နိုင်ခြင်းမရှိဘဲ ၀ရုန်းသုန်းကားဖြစ်ပြီး ဆောက်တည်မရ ဖြစ်နေကြနေသည့် အနေအထားမျိုးကို မြင်တွေ့ရသည်ဟု ဒေသအတွင်းက ရခိုင် စစ်ရေးလေ့လာနေသည့် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီက အေအေနဲ့ စဖြစ်တဲ့ တိုက်ပွဲတွေကိုရော၊လူနေရွာတွေကိုရော တောက်လျောက် လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ်ပစ်ခတ်နေခဲ့တာ။ တိုက်ပွဲအတွင်း လက်နက်ကြီးတွေကို အေအေက သိမ်းဆည်းရရှိသွားပြီးတဲ့နောက် တပ်ရင်းတွေ စခန်းတွေကို ပြန်ပစ်တော့ သူတို့ (စစ်တပ်) မနေတတ် မထိုင်တတ်ပြီးတော့ ၀ရုန်းသုန်းကားဖြစ်နေတာတွေကို တွေ့ရတယ်။ ဒါမှ မဟုတ်ရင် ထွက်ပြေးရတဲ့ အဆင့်ကို ရောက်သွားတာတွေမျိုးကို တွေ့နေရတယ်”ဟု ၎င်းက ပြောသည်။

အာရက္ခတပ်တော်( AA) သည် လက်ရှိတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး လက်ငယ် သောင်းနှင့်ချီပြီး သိမ်းဆည်းရမိထားပြီး ထိုအထဲမှ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့များသို့ ပစ်ခတ်ရာ စစ်ကောင်စီတပ်မှာ အကျအဆုံးများပြီး ဖရိုဖရဲထွက်ပြေးကြရသည်ဟု ဆိုသည်။

“ စကစတပ်က အသေနေရာယူထားတာလေ။ အထိုင်နေရာယူထားတော့ အေအေက သိမ်းဆည်းရမိတဲ့ လက်နက်ကြီးတွေနဲ့ ပြန်ချတော့ ဒီကောင်တွေ ဆောက်တည်ရာမရဖြစ်တာ။ အေအေက ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာ။ အမ်းတိုက်ပွဲမှာလည်း အေအေက လက်နက်ကြီးနဲ့ ချတာ နပခရော၊ တစ်ခြားတပ်ရင်းတွေကပါ အသေအပျောက်များတယ်။ တချို့တပ်တွေဆိုရင် လက်နက်ကြီးဒဏ်ကို မခံနိုင်တဲ့အတွက် ထွက်ပြေးကြတာ ဖရိုဖရဲဘဲ”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

အာရက္ခတပ်တော်က ရွှေ့လျားစစ်ဖြင့် တစ်နေရာမှ တစ်နေရာကို စစ်ကစားကာ တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က အထိုင်စခန်းထဲမှ ခုခံရာက လက်နက်ကြီးထိမှန်ကာ အကျအဆုံး များပြားနေကြောင်း သိရသည်။

တပ်ရင်း၊ တပ်မများအပြင်သို့ ထွက်ပြီး စစ်ကြောင်းများထိုးကာ ခုခံကာကွယ်ရာတွင်လည်း AA ၏ပြင်းထန်လှသည့် ထိုးစစ်ကို မခံနိုင်ဘဲ တပ်လှန်ကာ နောက်ဆုတ်သွားခဲ့ရသည်ဟု ဆိုသည်။

“အမ်းတိုက်ပွဲ၊ တောင်ကုတ်တိုက်ပွဲနဲ့ ဂွတိုက်ပွဲတွေကို သုံးသပ်ကြည့်ရင် စစ်ကောင်စီက တပ်ရင်း၊ တပ်မတွေ တိုက်ခိုက်မခံရအောင် ဗျူဟာပြောင်းပြီး အပြင်ကို စစ်ကြောင်းတွေလွှတ်ပြီး ခုခံကာကွယ်တယ်။ အရေးပါတဲ့နေရာတွေက ခုခံတိုက်ခိုက်တယ်။ အမ်းမှာဆိုလည်း စစ်ကြောင်းတွေ၊ ကာကင်းတွေ အများကြီးနဲ့ ခုခံကာကွယ်ခဲ့တယ်။ ဒါပေမယ့် မရဘူး။ တပ်လှန်သွားတယ်။ တောင်ကုတ်နဲ့ ဂွမှာလည်း ဒီအတိုင်းဘဲ။ သံတွဲတိုက်ပွဲတုန်းကလည်း ဒီအတိုင်းဘဲ။ မြို့ပြင်ကို စစ်ကြောင်းတွေနဲ့ ထွက်ကာပေမယ့် တပ်ရင်းတွေကျသွားတာပါဘဲ”ဟု ၎င်းစစ်ရေးလေ့လာ သုံးသပ်သူက ပြောသည်။

AA ၏ ပြင်းထန်လှသည့် ထိုးစစ်ကို မခုခံနိုင်ကြဘဲ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရရာမှ အကျအဆုံးအများအပြားဖြင့် စစ်ကောင်စီ တပ်နောက်ဆုတ်သွားခဲ့ကြရသည်ဟု ဆိုသည်။

အာရက္ခတပ်တော် ( AA)သည် အမ်းမြို့တိုက်ပွဲများတွင်သာမက တောင်ကုတ်၊ မောင်တောအပါအဝင် စခန်းသိမ်းတိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ရာက စစ်ကောင်စီဘက်က ခုခံတွန်းလှန်နိုင်ခြင်းမရှိဘဲ အကျအဆုံးများပြားကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/997606615739801

Leave a Reply

Your email address will not be published.