AA အရေး ကိုင်တွယ်ဖြေရှင်းရန် အိန္ဒိယဘက်က အသင့်ရှိသလား

By DMG / 2024 November 15

၁၉၇၁ ခုနှစ်တွင် အိန္ဒိယ၏ စစ်ရေးအရ ကြားဝင်စွက်ဖက်မှုက ဘင်္ဂလားဒေ့ရှ် နိုင်ငံသစ်ကို ဖန်တီးပေးလိုက်သည်။ ၅၃ နှစ်အကြာ ယခုအချိန်၌ အာရှတောင်ပိုင်းနှင့် အရှေ့တောင် နယ်စပ်တွင် မြန်မာပြည်မှ ခွဲထွက်ပြီး ရခိုင်နိုင်ငံသစ်တစ်ခု ပေါ်ထွန်းလာနိုင်ခြေ မြင်နေရသည်။

အာရက္ခအိပ်မက် (Arakan Dream) ယုံကြည်ချက်နှင့်အတူ အာရက္ခတပ်တော်က ရခိုင်ပြည်နယ်ရှိ မြို့များကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လျက် ရှေ့ဆက်တိုးလာနေချိန်၌ အိန္ဒိယအနေဖြင့်လည်း ၎င်း၏ အရှေ့ဘက်ဂိတ်ပေါက်တွင် ဖြစ်ပွားနေသည့် အကျပ်အတည်းကြီးကို သံတမန်နည်းဖြင့် အစွမ်းကုန် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေပြီဖြစ်သည်။

အိန္ဒိယ၏ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် နိုင်ငံ၏ အရှေ့မြောက်ဒေသအတွက် ဒုတိယ ဆက်သွယ်ရေးလမ်းကြောင်း ရရှိရန် ရည်ရွယ်သည်။ ဤစီမံကိန်းသည် စစ်တွေတဝိုက်ကို ဗဟိုပြုထားခြင်း ဖြစ်သည်။

ဤစီမံကိန်းအရ ကာလကတ္တားမှ စစ်တွေသို့ ချိတ်ဆက်ပြီး စစ်တွေမှတစ်ဆင့် ပလက်ဝသို့ ကုလားတန် မြစ်ကြောင်းဖြင့် ဆက်သွယ်ကာ နောက်ဆုံးတွင် ပလက်ဝမှသည် မီဇိုရမ်ပြည်နယ် ဇိုရင်ပွီးသို့ ကုန်းလမ်းဖြင့် ဆက်သွယ်ရန် မျှော်မှန်းထားသည်။ ပလက်ဝမှာ လက်ရှိတွင် အေအေလက်သို့ ရောက်သွားပြီဖြစ်သည်။

အာရက္ခတပ်တော်၏ မဟာမိတ်အများအပြားသည် ခွဲထွက်လိုခြင်း မရှိဘဲ ဖက်ဒရယ်မြန်မာပြည်ကို လိုလားကြသည်။ AA က ရခိုင်ပြည် လွတ်လပ်ရေးကို တရားဝင် တောင်းဆိုလာခြင်းမျိုး မရှိလျှင်တောင် အိန္ဒိယနှင့် တရုတ်အတွက်ကတော့ AA အရေးကို ကိုင်တွယ်ဖြေရှင်းလာရမည်မှာ ရှောင်လွဲမရပေ။

အိန္ဒိယနှင့် အာရက္ခတပ်တော်အကြား ဆက်ဆံရေးသည် ရင်းနှီးဖော်ရွေသည့် အဆင့်ထိ မရောက်ပေ။ ဒေလီသည် မြန်မာစစ်ကောင်စီကို မျက်နှာချိုသွေးရန်အတွက် နေမင်းစစ်ဆင်ရေး (Operation Sunshine) ဖြင့် မီဇိုရမ်ပြည်နယ် တောင်ပိုင်းအနီးတဝိုက်ရှိ AA စခန်းများကို ရှင်းလင်းရေးလုပ်ခဲ့ပြီး လက်နက်ကိုင်များကလည်း ပလက်ဝရှိ ကုလားတန်စီမံကိန်းတွင် လုပ်ကိုင်နေကြသည့် ကန်ထရိုက်တာများကို တိုက်ခိုက်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။

တရားဝင် အသိအမှတ်ပြုမှု ရယူသည့် သဘောဖြင့် အာရက္ခတပ်တော်က ဒေလီသို့ ပေးပို့သော သတင်းစကား၌ “ရခိုင်ပြည်သူလူထုအတွက် အကျိုးရှိစေမည့် စီမံကိန်းများ” ကို နှောင့်ယှက်မည်မဟုတ်ဟု ကတိပြုထားသည်။ သို့သော်လည်း AA ၏ အာဏာထိန်းချုပ်မှုနှင့် ပတ်သက်၍ အိန္ဒိယကသာ တရားဝင် အသိအမှတ်ပြု ကိုင်တွယ်ဖြေရှင်းရန် ငြင်းဆန်ခဲ့မည် ဆိုပါက AA ဘက်က မည်သို့တုံ့ပြန်လာမည်ကို မည်သူမဆို ခန့်မှန်းနိုင်ကြမည်သာ ဖြစ်သည်။

စစ်တွေသာ အာရက္ခတပ်တော်လက်တွင်းသို့ ကျရှုံးသွားမည် ဆိုပါက နယူးဒေလီသည် သံတမန်ရေးရာ စိန်ခေါ်မှု တစ်ရပ်ကို ချက်ချင်း ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ဤသည်မှာ စစ်တွေရှိ ၎င်း၏ ကောင်စစ်ဝန်ရုံးကို ဆက်လက်ဖွင့်လှစ်ပြီး AA/ULA နှင့် ဆွေးနွေးဆောင်ရွက်မည်လား၊ သို့မဟုတ် အာဖဂန်နစ္စတန်တွင်ကဲ့သို့ ရုံးကို ပိတ်သိမ်းလိုက်မည်လား ဟူသောအချက် ဖြစ်သည်။ AA ကသာ လွတ်လပ်ရေးကြေညာခဲ့မည် ဆိုလျှင် အသိအမှတ်ပြု၊ မပြု မေးခွန်းတစ်ရပ်လည်း ရှိနေပြန်သည်။

စစ်တွေကျရှုံးရန် အချိန်တစ်ခု လိုပါသေးသည်။ သို့သော်လည်း ပြီးခဲ့သည့် ၁၀ လအတွင်း တိုက်ပွဲအနေအထားများအရ ဆိုလျှင် စစ်တွေမှာ သပိတ်ဝင်အိတ်ဝင် အခြေအနေ ဟုသာ အများက ယူဆထားကြသည်။

အိန္ဒိယအနေဖြင့် ကုလားတန်စီမံကိန်းကို လိုလားသည်ဆိုလျှင် AA/ULA ကို စိတ်အနှောင့်အယှက် ပေး၍ မရနိုင်ပေ။ သို့သော် ဒေလီသည် မြန်မာစစ်ကောင်စီကိုလည်း စိတ်ဆိုးအောင်လုပ်၍ မရပေ။ အနည်းဆုံးတော့ စစ်ကောင်စီ လက်ထဲတွင် အာဏာရှိနေသရွေ့ ဖြစ်သည်။ ချောင်ပိတ်နေသည့် ဒေလီအနေဖြင့် အရှေ့ဘက်တံခါးပေါက်တွင် ဖြစ်ပွားလျက်ရှိသည့် အကျပ်အတည်းကြီးကို သံတမန်နည်းဖြင့် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေပြီဖြစ်သည်။

ရည်ညွှန်း – Myanmar: In proposed Rakhine state, another trouble brews for India by Subir Bhaumik, THE FEDERAL

https://www.facebook.com/dmgnewsagency/posts/963972199109710

Leave a Reply

Your email address will not be published.