AA အပါအဝင် မြောက်ပိုင်းညီနောင်သုံးဖွဲ့က ငြိမ်းချမ်းရေးလိုလားကြောင်းပြသမှသာ ဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

By Narinjara / 2024 November 07

အာရက္ခတပ်တော်(AA)အပါအဝင်မြောက်ပိုင်းညီနောင်သုံးဖွဲ့ကငြိမ်းချမ်းရေးလိုလားကြောင်းပြမှသာ စစ်ကောင်စီအနေဖြင့် ဆွေးနွေးနိုင်မည်ဟု စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တရုတ်နိုင်ငံကို ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang)နှင့် နိုဝင်ဘာ ၆ ရက်က ကူမင်းမြို့တွင် တွေ့ဆုံချိန် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ယနေ့ နိုဝင်ဘာလ ၇ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြသည်။

“MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး ကို လိုလားကြောင်းရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင်မိမိတို့အနေဖြင့်ဆွေးနွေးမှုကိုဆောင်ရွက်နိုင်မည်”ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ယခုလိုပြောဆိုမှုနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမင်းအောင်လှိုင် အနေဖြင့် တရုတ်သြဇာနှင့်သာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့်ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ပါက သူ၏ရပ်တည်ရေးက ပိုပြီးအာမခံချက်ရှိသွားမည်ဖြစ်၍ ယခုစကားကို ထုတ်ဖော်ပြောလာခြင်းဖြစ်သည်ဟုသုံးသပ်သည်။

“အဲဒီအခြေခံအပေါ်ကနေပြီးတော့ ဒီသဘောထားတွေနဲ့၊ တရုတ်ရဲ့အကူအညီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်အောင်လုပ်တယ်။ ဆက်ပြိုင်နေရင် သူ ရှုံးနေဦးမှာကိုး။ အဲဒီတော့ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ။ သူလည်း သိပ်ပြီးတော့ ရုပ်မပျက်၊တရုတ်လိုလားသလို တရုတ်ရဲ့အကူအညီနဲ့လည်း သူ ဆက်လက်ပြီးရပ်တည်နိုင်မဲ့အခြေအနေရှိတဲ့အတွက် အဲဒီစကားတွေပြောလာတာလို့ ယူဆပါတယ်ခင်ဗျ”ဟု ​ပြောသည်။

ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုပြောဆိုချက်အပေါ် မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေဖြင့် မည်သို့ သဘောထားတုံ့ပြန်လာနိုင်သလဲဟု ဦးသန်းစိုးနိုင်ကို နိရဥ္စရာကဆက်လက်မေးမြန်းရာ သူက မြောက်ပိုင်းညီနောင်သုံးဖွဲ့အနက် MNDAA ကသာ တရုတ်နှင့်နယ်စပ်ချင်း ဆက်စပ်နေသည့်အဖွဲ့ဖြစ်ပြီး လက်ရှိတွင် MNDAA အနေဖြင့် ကိုးကန့်ဒေသထဲပိုမိုကျယ်ပြန့်သည့် ရှမ်းမြောက်ဒေသနေရာအများစုကို ရယူထားပြီးဖြစ်၍ယင်းကနေ ပြန်ဆုတ်ပေးဆိုသည်ကိုတော့ လက်သင့်ခံနိုင်မည်ဟုမထင်ကြောင်းဦးသန်းစိုးနိုင်က ဆက်လက်သုံးသပ်သည်။

“သူတို့ကို ဖြတ်ငါးဖြတ်တွေဖြတ်ပြီးတော့ စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ထိုးစစ်ဆင်နေတာနဲ့ပတ်သက်လို့တရုတ်က တစ်ချက်မှ မပြောဘူး။ တားမြစ်တာ၊ ရှုတ်ချတာ ဘာမှမလုပ်ဘူး။ အဲတော့ဒီလို တရုတ်ရဲ့ မမျှတတဲ့ ချဥ်းကပ်နည်းနဲ့ စဥ်းစားနည်းကို MNDAA ကလည်းလက်ခံမယ်လို့မထင်ပါဘူး။ သူ့အနေနဲ့ ပြည်တွင်းမှာ ထိုးဖောက်ဝင်ရောက်မှုဟာဒီထက်ပိုပြီးတော့ နက်ရှိုင်းလာလေ သူ့ဒေသက လူထုအတွက်လည်းပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေရလာမယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ MNDAA က ဒါနဲ့ပတ်သက်လို့ ဆက်လက်ပြီးတော့ ဆန့်ကျင်နိုင်တယ်၊ ခုခံရပ်တည်နိုင်တဲ့အနေအထားရှိတယ်လို့ ကျနော်ယူဆပါတယ်”ဟု ပြောသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သော အာရက္ခတပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေဖြင့်ငြိမ်းချမ်းရေး တံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိသည်ဟုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

၎င်းပြင်လက်နက်ကိုင်များအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုသည်ဟုလည်း ပြောဆိုခဲ့သည်။

AA၊MNDAAနှင့်TNLAတို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ကာ “၁၀၂၇ စစ်ဆင်ရေး”ကို စတင်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ကြားဝင် စေ့စပ်မှုဖြင့် “ဟိုင်ဂင်” ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိခဲ့သော်လည်း ၎င်းသဘောတူညီချက်ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ချိုးဖောက်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပြစ်တင်စကားဆိုသည်။

ယခုပြောဆိုချက်အပေါ် တုံ့ပြန်ချက်ရနိုင်ရန် မြောက်ပိုင်းညီနောင်သုံးဖွဲ့ထဲမှAAပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားမှုမရှိသေးပါ။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အရေးပါပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင်စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်နိုင်မည်ဖြစ်၍ နယ်စပ်ဒေသရှိ လက်နက်ကိုင်များ၏အထောက်အပံ့များဖြစ်သည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုများကိုတိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang)ကလည်း မြန်မာနိုင်ငံ၏ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့်အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏အရေးသည်တရုတ်နိုင်ငံ၏ အိမ်နီး ချင်းနိုင်ငံ အရေးပင်ဖြစ်သဖြင့်နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ရပ်တည်ဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်တရုတ်နိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်ကြာကျင်းပသည့် (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်ရောက်ရှိနေခြင်းဖြစ်သည်။

ယင်းအပြင် (၁၀) ကြိမ်မြောက် ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများကိုလည်းတက်ရောက်သွားမည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/976123274554802

Leave a Reply

Your email address will not be published.