By Narinjara / 2024 November 10
စစ်ကောင်စီသည် အမ်းတပ်နယ်ရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ရရှိသွားသည့် ဆေးတပ်၊ စစ်လက်နက် ပစ္စည်းလိုလှောင်ရေးတပ် COD နှင့် အမြောက်တပ် အမတ(၃၇၄)ရှိ ဂိုဒေါင်များ၊ အရေးကြီးသည့် အဆောက်အဦများကို လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲပြီး ဖျက်ဆီးနေကြောင်း စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်များအရ သိရှိသည်။
AA က ဆေးတပ်ကို သိမ်းပြီးနောက်ပိုင်းတွင်လည်း ဆေးတပ်အတွင်းရှိများ သိုလှောင်ထားသည့် ဆေးဂိုဒေါင်များကို ဗုံးကြဲတိုက်ခိုက်ကာ ဖျက်ဆီးခဲ့သည်ဟု သိရသည်။
စစ်ရေးသတင်းရင်းမြစ်ခုက” ဆေးတပ် ဆေးဂိုသိုလှောင်ထားတဲ့ ဂိုဒေါင်တွေကို လေယာဉ်နဲ့ ဗုံးလာကြဲတာတွေရှိတယ်။ တစ်ချို့တစ်လေ ပျက်စီးတာတွေတော့ရှိတယ်။ အများစုကိုတော့ အေအေက ကြိုတင်ရွှေ့ပြောင်းသွားတာတွေရှိတယ်လို့ သိရပါတယ်” ဟု ပြောသည်။
စစ်လက်နက် ပစ္စည်းလိုလှောင်ရေးတပ် COD နှင့် အမြောက်တပ် အမတ(၃၇၄)ရှိ ပစ္စည်း သိုလှောင်ထားသည့် အဆောက်အဦများကိုလည်း ဗုံးလာကြဲခြင်းများရှိသလို မွေးမြူရေးခြံများတွင်လည်း ဗုံးသီးကျ၍ နွားနှင့် ဝက်များသေဆုံးမှုရှိသည်ဟု သိရသည်။
“သူတို့က စခန်းသိမ်းခံလိုက်ရတာနဲ့ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေ၊ ဆေးဝါးတွေကို အေအေ မရသွားအောင်ရည်ရွယ်ချက်နဲ့ ဗုံးကြဲပြီး ဖျက်ဆီးတာပါ။ ဟိုတစ်ရက်နေ့တည်းက အမြောက်တပ်တို့ COD တို့ကို လေယာဉ်တွေနဲ့ လာပြီး ဗုံးချတယ်။ အဓိက စစ်လက်နက် ပစ္စည်းတွေကို အေအေ မရသွားအောင် လိုက်ပြီးဖျက်ဆီးတာပါ။ အမြောက်တပ် အဆောက်အဦတွေ တော်တော်များများ ပျက်စီးတယ်လို့ သိရပါတယ်။ စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နိုင်တဲ့အနေအထားမရှိပါ။ တိုင်းဌာနချုပ်ကိုတောင်မနည်း ခုခံကာကွယ်နေရတဲ့ အနေအထားပါ”ဟု ပြောဆိုသည်။
သို့သော်လည်း စစ်တပ်တပ်ရင်းများ၊ တပ်ဖွဲ့များမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ ဆေးဝါးများကို အာရက္ခတပ်တော်က ချက်ချင်းပြောင်းရွှေ့နိုင်ခဲ့သဖြင့်သိမ်းဆည်းရမိသည့်ပစ္စည်းများမှာ အထိအခိုက်အပျက်အစီး အများအပြားမရှိကြောင်း သိရသည်။
အာရက္ခတပ်တော်( AA) အမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိထားသော COD၊ အမြောက်တပ်၊ ဆေးတပ်နှင့် တစ်ခြားတပ်ရင်းများမှ ခေတ်မီစက်ကရိယာများ၊ ဒရုန်းများ၊ အမြောက်များအပါအဝင် လက်နက်နှင့် ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
https://www.facebook.com/narinjara.info/posts/978456730988123