By Narinjara / 2024 November 06
နိုဝင်ဘာ(၅)ရက်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ မှသမ္မတလောင်း ဒေါ်နယ်ထရမ့်က အနိုင်ရသွားခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး ညပိုင်းမှာ ဖလော်ရီဒါကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်တဲ့ လူထု ထောက်ခံပွဲမှာ အမေရိကန်သမ္မတရွေးကောက်ပွဲ မှာ (၄၇) ယောက်မြောက်သမ္မတ ဖြစ်လာပြီလို့ ထရမ့်က မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရခိုင်လူမျိုး အမေရိကန်နိုင်ငံသားသုံးဦးကို မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။
ဦးဦသိန်းမောင်
အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်း (Arakan American Community – AAC) ရဲ့ ဥက္ကဋ္ဌ
ထရမ့်က အမျိုးသားရေးစိတ်ဓာတ်ကတော့ အင်မတန် ပြင်းထန်တယ်။ ခိုင်မာတယ်။ အမေရိကန် နိုင်ငံသားတွေကို ဦးစားပေးတဲ့ အမျိုးသားရေး ဝါဒီတစ်ဦးလည်းဖြစ်ပါတယ်။ Make American Great Again (MAGA) ရော်နင်ရီဂန်လက်ထဲမှာ ရွေးကောက်ပွဲမှာ သုံးခဲ့တယ်။ ဒီဆောင်ပုဒ်ကို ကိုင်ပြီး ထရမ့်က အမေရိကန်နိုင်ငံသားတွေ ရှေ့ကို တက်အောင်လုပ်မှာပါ။ နိုင်ငံတကာ အနေအထားနဲ့ရော၊ အမေရိကန် နိုင်ငံတွင်း အနေအထားအထားရရော၊ ထရမ့်ကိုယ်တိုင်ယခင်သမ္မတ သက်တမ်းက အားနည်းချက်တွေကို ပြင်ဆင်ပြီး အကောင်းနိုင်ဆုံး လုပ်နိုင်လိမ့်လို့ ထရမ့်ကို ယုံကြည်ပြီး ကျွန်တော် မဲပေးခဲ့ပါတယ်။
(မှတ်ချက်- သီးသန်းမေးမြန်းချက်ရုပ်သံကို များမကြာမီထုတ်လွင့်ပေးပါမည်။)
မခင်မျိုးလှိုင် (နီဘရာစကာပြည်နယ်Nebraska)
Personal အရဆိုရင် Donald Trumpကို ကြိုက်ပါတယ်။ အမေရိကန် နိုင်ငံသား အနေနဲ့ဆိုရင် သူ့မူကိုလည်း ကြိုက်ပါတယ်။ ဒါပေမဲ့ ကိုယ်က မြန်မာနိုင်ငံသား ဆိုတော့ Donald Trumpက Refugee အရေးတွေမှာ တခြားနိုင်ငံ အရေးတွေကို သူက သိပ်ဂရုမစိုက်ဘူး။ အခု မြန်မာနိုင်ငံက လူတစ်ယောက် အနေနဲ့ ဆိုရင် အမေရိကန်အပါဝင် UN အကူညီ လိုအပ်တယ်လို့ မြင်ပါတယ်။ Kamala Harris ကိုတော့ မူအရဆိုရင် သိပ်မကြိုက်ပေမဲ့ သူတို့ ပါတီကတော့ တခြားနိုင်ငံ နဲ့ လူသားချင်းစာနာမှု ဖက်မှာ ကောင်းပါတယ်။ ကိုယ့် မြန်မာနိုင်ငံ အခြေနေက အကူညီလိုအပ်နေတဲ့ အခြေအနေဆိုတဲ့အခါ Kamala Harris ကို မဲပေးလိုက်ပါတယ်။ သူနိုင်ရင်တော့ မြန်မာ နိုင်ငံ အတွက်တော့ ထွေထွေထူးထူး ပြောင်းလဲ မလာနိုင်ပေမဲ့ စစ်ပြေးရှောင်တွေအတွက် အကူညီ ရလာနိုင်ပါမယ်။
ကိုစောထွန်းအောင်ခိုင် (နယူးယောက်ပြည်နယ် Buffalo မြို့)
Donald Trump ကို ပေးပါတယ်။ ဘာကြောင့်ပေးရလည်းဆိုတော့ ပြည်တွင်းမှာစီးပွားရေးကောင်းဖို့အတွက်နဲ့ ပြည်တွင်းလုံခြုံမူ့အတွက်ပေါ့။ မြန်မာပြည်အပြောင်းအလဲအတွက် မမျှော်လင့်ရပေမဲ့လည်း ရခိုင်ပြည်အတွက်တော့ ရခိုင်လူမျိုးတွေအတွက် လုံခြုံမှု တစ်စုံတစ်ရာရဖို့ မျှော်လင့်ရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လက်ကိုင်ထားပြီးတော့ မြန်မာပြည်မှာ လူမျိုးပေါင်းစုံအတွက် ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
https://www.facebook.com/narinjara.info/posts/975491291284667