By Narinjara / 2024 November 26
(၄၅) ရက် စစ်သင်တန်းဆင်းပြီး ရခိုင်ရှေ့တန်းသို့ အတင်းပို့ဆောင်ခံရသည့် စစ်မှုထမ်းလူငယ် အများအပြားမှာ တိုက်ပွဲတွင်ကျဆုံးနေပြီး စစ်ကောင်စီက မိဘများထံ သေဆုံးမှုကို အကြောင်း ကြားခြင်းမရှိ၍ စိုးရိမ်မှုများဖြစ်ပေါ်နေသည်ဟု သတင်းရရှိသည်။
စစ်မှုထမ်းလူငယ်တစ်ဦးနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက “ စစ်မှုထမ်းအပတ်စဉ်(၂) သင်တန်းဆင်းပြီး ရခိုင်ကို ခေါ်ဆောင်ခံရတဲ့ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရပ်ကွက်(၃)မှ မောင်ထွန်းသက်အောင် ရှေ့တန်းမှာ ကျဆုံးသွားတာကို နိုဝင်ဘာ(၂၂)ရက်နေ့က ရက်လည် ဆွမ်းသွပ်ခဲ့ပါတယ်။ တခြား ကျဆုံးသူတချို့လည်းရှိတယ်လို့ သတင်းကြားရပေမယ့် အတိအကျမသိရတာကြောင့် ဆွမ်းသွပ်မှု မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်း ပုသိမ်ခရိုင်မှ စစ်မှုထမ်းအမှတ်စဉ် (၁/၂/၃)တို့တွင် မဲဖေါက်ခံရသည့် မြို့ပေါ်ရပ်ကွက်ရှိ လူငယ် အများစုသည်ရခိုင်တိုက်ပွဲတွင် သေဆုံးမှုများပြားနေပြီး စစ်ကောင်စီက အသိပေး အကြောင်း ကြားခြင်း မရှိသဖြင့်မိဘများအနေဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုံစမ်းနေကြသည်ဟု ဆိုသည်။
“ ရခိုင်မှာ သေကြတယ်။ ရွာတိုင်းလိုလိုက ပါတယ်လို့ ကြားတယ်။ အခုမိဘတွေ အရူး မီးဝိုင်းဖြစ်နေတယ်။ စစ်တပ်က အကြောင်း မကြားဘူးလေ။ သိတဲ့သူသိတယ်။ မသိတဲ့သူ မသိဖြစ်နေတယ်။ပုသိမ်ငွေဆောင်ကားလမ်းမဘေးက၂၃မိုင်ကျောက်မိုင်းရွာမှလူငယ်၈ယောက်လောက် သင်တန်းဆင်းပြီး စစ်မှုထမ်းဖို့ရခိုင် သွားတာ အကုန်သေကုန်တယ်။ မိဘတွေက တစ်လကြာမှသတင်းရတယ်လို့ ကြားတယ်။ ဒါတောင် အတိအကျ မပြောဘူးလို့ သိရတယ်။ ပုသိမ်မြို့ထဲ ရပ်ကွက်တွေ၊ သာပေါင်းက လူငယ်တွေအခုရက်ပိုင်းရခိုင်တိုက်ပွဲတွေမှာသေကြတာ များနေတယ်”ဟုပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်ရှိ အမ်းမြို့၊ တောင်ကုတ်၊ ဂွမြို့၊ မောင်တောမြို့တိုက်ပွဲတို့တွင် ဧရာဝတီတိုင်း စစ်မှုထမ်းလူငယ် ၆၀၀ နီးပါးကို တိုက်ပွဲများတွင် ပါဝင်တိုက်ခိုင်းထားပြီး စစ်ရေးနှင့် နယ်မြေမကျွမ်းရာမှ သေဆုံးမှုများပြားနေကြောင်း ပုသိမ်မြို့ရှိ စစ်ရေးသတင်းအရင်းမြစ် တစ်ဦးက ပြောသည်။
ပုသိမ်မြို့ပေါ် ရပ်ကွက်၂တွင် နေထိုင်သော အမျိုးသားတစ်ဦးက “ပုသိမ်ခရိုင်က လူငယ်စစ်မှုထမ်းတွေ သေကုန်တယ်ဆိုတာ ဖုံးလို့ ဖိလို့မရတော့ဘူး။မိဘတွေက ဟိုပြေး ဒီပြေးစစ်တပ်က ခြိမ်းခြောက်လို့ ငြိမ်နေရတာတွေ ရှိတယ်။ အခုနောက်ပိုင်း စစ်မှုထမ်းပါတဲ့လူတွေကတော့ အကုန်ထွက်ပြေးကြတယ်။အရက်သမားတွေစိတ်ပေါ့သွပ်နေတဲ့သူတွေကိုငွေပေးပြီးဝင်ခိုင်းတာတွေရှိတယ်။ပထမ အသုတ် တွေထဲမှာ အများကြီးသေကုန်ကြတယ်။ အခုကလူတွေက စစ်မှုထမ်းဆိုတာနဲ့ပြေးပြီ” ဟုပြောသည်။
နိုဝင်ဘာလ ပထမအပတ်ကလည်း ဧရာ၀တီတိုင်း သာပေါင်းမြို့မှစစ်မှုထမ်း တပ်သားသစ်နှစ်ဦးသည်ရခိုင်ပြည်၊အမ်းမြို့တိုက်ပွဲတွင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးစစ်မှုထမ်းတပ်သားသစ်နှစ်ဦးအနက်တစ်ဦးသည်ကျည်ဆံမှာနံရိုးဘေးဖောက်ထွက်ဒဏ်ရာရရှိပြီးကျန်တစ်ဦးမှာလက်မောင်း ထိမှန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
သူတို့ဒဏ်ရာရသည်ကိုမိသားစုအားစစ်ကောင်စီက အကြောင်းကြားခဲ့သော်လည်းနောက်ပိုင်းတွင်အသိပေးခြင်းမရှိတော့ကြောင်း သိရသည်။
“ ဒီလောက် စစ်ရေးအတွေ့အကြုံရှိတဲ့ စစ်သားတွေတောင် မနိုင်လို့ နောက်ဆုတ်ပြေးနေရတာ။ ဒါကို သင်တန်း ၄၅ ရက်ပေးပြီး ရခိုင်စစ်မြေပြင်ကို လွှတ်တော့ အကုန်သေကုန်တာပေါ့။ နဂိုကတည်းက စစ်သားလုပ်ချင်လို့ ဝင်ကြတာမှမဟုတ်ဘဲ။ စိတ်ဓာတ်ကလည်းမရှိ၊ စစ်ရေးအတွေ့အကြုံကလည်း နည်းတော့ သေကြတာများပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဂွနှင့် တောင်ကုတ်မြို့နယ်တွင် အာရက္ခတပ်တော် ( AA) နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးမှုများပြားသလို ထွက်ပြေးမှုလည်း များပြားသည်ဟု ဂွဒေသခံများက ပြောသည်။
ထို့အပြင်ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှအသက်(၃၅)မှ (၆၅)နှစ်ထိသင်တန်းသား (၅၀) ဦးသည် သင်တန်းဆင်းပြီးနိုဝင်ဘာ(၂၂)ရက်နေ့ကပြန်ရောက်လာကြကာခလရ (၃၀၈)တွင်နောက်ချန်အင်အား မရှိသည့်အတွက် ကင်းစောင့်ခိုင်းထားသည်ဟု ၎င်းက ပြောသည်။
ပုသိမ်ခရိုင် သာပေါင်းမြို့နယ်ရှိ ကြည်သာစံပြကျေးရွာ၊ သစ်ပုတ်ကုန်း၊ မြင်းချောင်း၊ ရေတွင်း ကုန်းလေး၊ ဇင်ပြွန်းကုန်း၊ ကွမ်းယားကုန်း၊ စမ်းကြီးကုန်း၊ ငှက်ချေးချောင်း၊ ဓနှုံးချောင်း၊ အနန်းပင်၊ ရွာသစ်ကုန်း၊ မဒေါ့ချောင်၊ ငရံကျော်၊ စမ်းမြိုင်၊ သိုက်ဝါးကုန်း၊ မြိုင်သာယာ၊ သရက်တပင်၊ စမ်းတွင်းကြီး၊ အငူကြီး၊ ဘွက်ကြီး၊ နတ်ပြည်ချော၊ ဝါးဘိုးတော၊ အိမ်ကုန်းကြီး၊ မာလာချောင်တို့မှ ပြည်သူ့ စစ်မှုထမ်းများသည်လည်း ရခိုင်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက် နေကြောင်း သိရသည်။
လက်ရှိတွင်စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်မှုထမ်းရန် လူလိုနေ၍ ဧရာဝတီတိုင်းတွင်းရှိ ကျေးရွာ အုပ်စုများကို အပတ်စဉ် အလိုက်မဟုတ်ဘဲအုပ်ချုပ်ရေးမှူးများကလူရသလောက်ပို့ပေးရမည်ဟုဖိအားပေးနေသည်ဟုသိရသည်။
ရန်ကုန်၊ဧရာဝတီ၊မကွေးမြို့များရှိစစ်မှုထမ်းသင်တန်းကျောင်းများတွင်စစ်ကောင်စီ စုဆောင်း ထားသည့် စစ်မှုထမ်းများသည်ရခိုင်စစ်မြေပြင်သို့အများဆုံး အပို့ခံထားရပြီးသေဆုံးမှု များပြားနေကြောင်း Burma Affairs & Conflict Study (BACS)ကထုတ်ပြန်ထားသည်။
မိခင်ကိုဆေးကုရန် ငွေကျပ် သိန်း ၆၀ ဖြင့် အစားထိုးဝင်ရောက်ခဲ့သည့် မကွေးတိုင်း အနောက်ခြမ်းမှ စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်း လူငယ်တစ်ဦးသည်လည်း သင်တန်း ဆင်းပြီးနောက် ရခိုင်ပြည်၊ သံတွဲဘက်ကို ပို့ဆောင်ခံခဲ့ရပြီးအာရက္ခတပ်တော် (AA) နှင့်တိုက်ခိုက်ရသည့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း BACS မှသိရသည်။
စစ်ကောင်စီစုဆောင်းထားသည့်စစ်မှုထမ်းများသည်ရခိုင်ပြည်နယ်ရှိသံတွဲတိုက်ပွဲ၊ဂွတိုက်ပွဲနှင့် မောင်တော တိုက်ပွဲများတွင်သေဆုံးမှုများရှိပြီးသံတွဲတိုက်ပွဲနှင့်ဂွတိုက်ပွဲတို့တွင်ထွက်ပြေးမှုများပင် ရှိခဲ့ကြောင်းဒေသခံများကလည်းပြောဆိုကြသည်
https://www.facebook.com/narinjara.info/posts/990378696462593