အအေးဒဏ်ကို မခံနိုင်တဲ့အတွက် အမ်းဒေသခံစစ်ဘေးရှောင် သက်ကြီးပိုင်းအမျိုးသမီး၂ ဦးနှင့် ကလေး ၂ ဦးအပါအဝင် ၅ဦးသေဆုံး

By Narinjara / 2024 November 30

ရခိုင်ပြည်၊အမ်းမြို့တွင် အအေးဒဏ်ကို မခံနိုင်၍ သက်ကြီးပိုင်းအမျိုးသမီး၂ ဦး၊ ကလေး ၂ ဦးအပါအဝင် ၅ဦးသေဆုံးသွားပြီဟု လေး၀တီမျိုးသျှစ်လူငယ်ပရဟိတအသင်းက ကိုနိုင်နိုင်ဇော်ကပြောသည်။

သေဆုံးသွားသူများမှာ အမ်းမြို့မှ စစ်ဘေးရှောင်လာသူအသက် ၆၀ အရွယ် သက်ကြီးပိုင်းအမျိုးသမီး ၂ ဦး၊ အသက် ၆၀ အရွယ် သက်ကြီးပိုင်းအမျိုးသား ၁ ဦးနှင့် အသက် ၅နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ အသက် ၆ နှစ်အရွယ်ယောက်ျားလေး ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

အမ်းမြို့မှ တိုက်ပွဲကြောင့် တိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များမှာ နေရာထိုင်းခင်း၊ အမိုးအကာမလုံလောက်မှုနှင့်ကြုံရပြီး ဆေးဝါးအကူအညီမရရှိသည့်အတွက် အသက်မသေဆုံးသင့်ပဲ သေဆုံးခဲ့ရသည်ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ အမိုးအကာမရှိ နှင်းတွေကျတယ်။ သက်ကြီးရွယ်အိုဆိုမခံနိုင်ဘူး။ဆေးဝါးတွေလည်းမရှိတော့ မသေသင့်ဘဲသေရတဲ့သူတွေရှိနေတယ်။ အဓိကအသက်ကြီးပိုင်းတွေပါ။ ကလေးတွေလည်းသေတယ် ” ဟု ပြောသည်။

အမ်းဒေသခံစစ်ဘေးရှောင်အမျိုးသမီးများသည် စားရေးသောက်နေထိုင်ရေး ခက်ခဲနေသည့်အပြင်မြေပြင်၌ မြေကျင်းတူးကာ အိပ်စက်နေရသည့်အတွက် စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုများရှိနေကြောင်း စစ်ဘေးရှောင် အမျိုးသမီးငယ်တစ်ဦးကနိရဉ္စရာသို့ ပြောသည်။

“အမျိုးသမီးတွေလည်း ဒီအတိုင်း မြေပြင်မှာပဲအိပ်နေရတာပါ။ ဘာမှ မရှိဘူး။ အောက်မှာ တာပလင်စတစ် ခင်းပြီး အိပ်နေရတာပါ။စားရေးသောက်ရေးနေထိုင်ရေးတွေက အခက်အခဲဖြစ်နေတာပေါ့။အမျိုးသမီးငယ်တစ်ယောက်အနေနဲ့ ရေချိုးဖို့ တကိုယ်ရေသန့်ရှင်းဖို့ လုပ်ဖို့ကဝေးသေးတယ်။ နောက်တစ်ခုက ကျွန်မတို့ကတော့ စစ်ဘေးရှောင်လာရတာမှန်ပေမဲ့ဒီလိုမြေပြင်မှာ အိပ်ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်စိတ်တော့ ရှိပါတယ်။ဒါပေမဲ့ ဒီလိုအချိန်ခါမျိုးမှာတော့ ဘယ်တတ်နိုင်မှာလဲ” ဟု ပြောသည်။

သေဆုံးသူများမှာ နိုဝင်ဘာ နောက်ဆုံးအပတ်မှစ၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသူများက ပြောသည်။

လက်ရှိတွင် အမ်းနှင့်တောင်ကုတ်မှ စစ်ဘေးရှောင်ဦးရေထောင်နှင့် ချီတိုးလာနေပြီး အမိုးအကာများအရေးပေါ်လိုအပ်နေသည်ဟုတိုက်ပွဲကြောင့်ရခိုင်မှာ စစ်ဘေးရှောင်၆ သိန်းခန့်အထိရှိလာနေပြီးဟု လူသားချင်းစာနာထောက်ထားခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

၎င်းတို့မှာ အစားအသောက်၊ ဆေးဝါးများ လုံလုံလောက်လောက် ထောက်ပံ့ခြင်းမရရှိသည့်အပြင်ယခုဆောင်းရာသီရောက်ရှိလာသည့်အတွက် သိန်းနှင့်ချီရှိနေသည့် ရခိုင်စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့်စောင်များအရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောကြားသည်။

ရခိုင်ပြည်အတွင်းမှာလတ်တလောရိက္ခာအခက်အခဲကို မဖြေရှင်းနိုင်ဘူးဆိုလျှင် လာမည့် ၂၀၂၅နှစ်လယ်ပိုင်းတွင် လူဦးရေ ၂ သန်းကျော်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်သည်ဟုကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က မကြာသေးမီက သတိပေးထားကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/993575419476254

Leave a Reply

Your email address will not be published.