By Narinjara / 2024 November 06
![](https://newsvsinformation.com/wp-content/uploads/2024/11/image-1730911915748-1343x900.webp)
အမ်းနပခဌာနချုပ်၏လက်ရုံးတပ်များဖြစ်ကြသည့် ခမရ (၃၇၁) နှင့် စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ကို အာရက္ခတပ်တော် (AA)မှ ဆက်လက် သိမ်းပိုက်လိုက်ပြီဟု ဒေသအတွင်းစစ်ရေးကို လေ့လာနေသူ တစ်ဦးက နိရဉ္စရာကို ပြောကြားသည်။
၎င်းတပ်ဖွဲ့များသည်အမ်းမြို့ထဲဧရိယာထဲတွင်ပါဝင်ပြီးအရေးပါသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ လက်ရုံးတပ်များဖြစ်ကြသည်။
သတင်းရင်းမြစ်က”ခမရ ၃၇၁နဲ့COD တပ်တို့ကိုအေအေကသိမ်းပိုက်လိုက်တာဟုတ်ပါတယ်။လက်နက်တွေအများကြီးသိမ်းမိတယ်လို့ကြာတယ်။ စစ်ကူလာတဲ့ပြည့်သူ့စစ်မှုထမ်းစစ်သားတွေ အတုန်းအရုန်းသေကုန်တယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ စစ်တပ်သားတွေ အလောင်းတွေ ပြန့်ကြဲနေပြီး အပုပ်နှံ့တွေ တစ်ထောင်းထောင်းထနေတယ်လို့ ပြောတာပဲ။ အခု တိုက်ပွဲတွေတော့ မြို့သစ်ဘက်ထိ ဆက်ဖြစ်နေတယ်” ဟု ပြောသည်။
အဆိုပါတပ်များကို သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး AA က တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှုများမရှိသေးသော်လည်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူများက အဆိုပါတပ်ရင်းတပ်ဖွဲ့များကို သိမ်းပိုက်ရရှိခဲ့ခြင်းအပေါ် အတည်ပြုပြောဆိုသည်။
လက်ရှိတွင် အမ်းမြို့ရှိ တပ်ရင်းအများအပြားကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးကပ်လာပြီဟု ၎င်းက ပြောဆိုသည်။
“ အခုဆိုနပခဌာနချုပ်ရဲ့အရေးပါတဲ့ တပ်တွေအပါအဝင် တပ်ရင်း၊တပ်ဖွဲ့ ၁၀ ခုလောက်ကို AA သိမ်းပိုက်ထားပါပြီ။စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာအခုဆို နပခဌာနချုပ်ထဲကနေပြီးခုခံစစ်အတွက်ပြင်ဆင်နေတယ်”ဟုသူကဆိုသည်။
လက်ရှိတွင်နပခဌာနချုပ်တွင်အားထားရသောတပ်ရင်းတပ်ဖွဲ့များအားလုံးနီးပါးသိမ်းပိုက်ခံထားရပြီဖြစ်သဖြင့်AA၏ထိုးစစ်သည်အနည်းနှင့် အမြန်ဆိုသလို နပခဌာနချုပ်ရောက်လာတော့မည်ဟု၎င်းက ပြောကြားသည်။
စစ်ကောင်စီသည် အမ်းတိုက်ပွဲတွင်လေကြောင်း၊ဒရုန်း၊ လက်နက်ကြီး၊တပ်ဖွဲ့ဝင်အင်အားအများအပြားဖြင့်ခုခံကာကွယ်ခဲ့သော်လည်း AA၏ ပြန်းထန်သော ထိုးစစ်ကိုခုခံကာကွယ်နိုင်ခြင်းမရှိဟု သိရသည်။
အာရက္ခတပ်တော်( AA) သည်လက်ရှိတွင်ခမရ(၃၇၃)၊ခမရ (၃၇၁)၊ ကုတင်၃၀၀ဆေးတပ်၊ကံ့ကော်တစ်ထောင်ဘုရား၊ပူလောင်တောင်ဘုရားကုန်း၊စရဖတပ်၊ နပခအနီးရှိမိုက်ကရိုဝှေ့တောင်ကုန်း၊စစ်လက်နက်သိုလှောင်ရေးတပ် COD၊ အမှတ်(၈) တိုက်စည်းကျောင်း၊ BEတပ်ရင်း၊သရက်ပင်တပ်စခန်း၊နတလဂိတ်များကိုသိမ်းပိုက်ထားပြီဟုသိရသည်။
https://www.facebook.com/narinjara.info/posts/975794467921016