အမ်းမှာ AA ပစ်ခတ်တဲ့အတွက် စစ်ရဟတ်ယာဥ်ကျည်ထိမှန်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရ

By Narinjara / 2024 November 11

တိုက်ပွဲပြင်းထန်နေသည့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့သို့စစ်အင်အားလာရောက်ဖြည့်တင်းသည့် စစ်ရဟတ်ယာဉ်တစ်စီးကို အာရက္ခတပ်တော်(AA)က ပစ်ခတ်ခဲ့ရာ မီးခိုးတန်းလန်းဖြင့် ဆက်လက်ပျံသွားခဲ့ပြီး မကွေးတိုင်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု သတင်းရရှိသည်။

စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “မီးခိုးတန်းလန်းနဲ့ပျံတက်နေပြီးတော့ဒရုန်းလောက်မှ အလျင်အမြန်မပျံသန်းနိုင်ဘဲ ဖြေးဖြေးချင်းပျံတက်သွားတယ်လို့သိလိုက်တယ်။ အဲဒီလေယာဥ်ဟာ ပျက်ကျသွားလားဆိုတာတော့ မသိရသေးဘူး။ ဒီသတင်းကတော့မှန်ပါတယ်။ ကျနော်တို့ မြေပြင်မှာရှိတဲ့တော်လှန်ရေးအဖွဲ့တွေနဲ့အဆက်အသွယ်လုပ်တဲ့အခါ အတည်ပြုခဲ့တာပါ”ဟု ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်ကောင်စီဘက်က အမ်းမြို့ရှိ နပခဌာနချုပ်အနီးတောင်တန်းများကို ဂျက်ဖိုက်တာသုံးစီးကတရစပ် ပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဥ် လေးစီးက စစ်သည်အင်အားများချခြင်းနှင့် Y-12 ထောက်ပို့လေယာဥ် နှစ်စီးက ရိက္ခာများချခြင်းတို့ကိုပြုလုပ်ပြီးပြန်အတက်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ပြုလုပ်နေစဥ်နေ့လယ် ၁ နာရီကျော်တွင် AA က ပစ်ချလိုက်သည့်အတွက် Mi-35 အမျိုးအစားကဲ့သို့စစ်ရဟတ်ယာဥ်တစ်စီး ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

AA ၏ အရာရှိတစ်ဦးကလည်း ယခုစစ်ရဟတ်ယာဥ်ကိစ္စမှာ ၁၀၀ ရာခိုင်နှုန်းသေချာသည်ဟုသူ၏လူမှုကွန်ရက်တွင် ယနေ့ နိုဝင်ဘာ ၁၁ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်ကရေးသားထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ဘက်က တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးပါ။

AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ယနေ့နေ့လယ်တွင် ဆက်သွယ်မေးမြန်းထားသော်လည်း ညနေပိုင်းအထိ တုံ့ပြန်ဖြေကြားမှုမရှိသေးပါ။

အဆိုပါ ရဟတ်ယာဉ်သည် မကွေးတိုင်း ငဖဲမြို့နယ် ဆူးပဒေါင်းရွာရှိ ကျောက်ဆုံ ဘုန်းတော်ကြီးကျောင်းတွင် အရေးပေါ်ဆင်းသက်လိုက်ရကြောင်း စေတုတ္တရာမြို့နယ် ကံပေါက်ကျေးရွာ လယ်ကွင်းအတွင်း အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သတင်းဌာတချို့တွင် သတင်းဖော်ပြကြသည်။

၂၀၂၁ခုနှစ်၊ အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိတော်လှန်ရေးတပ်များက ပစ်ချနိုင်ခဲ့သည့် စစ်ကောင်စီလေတပ်ပိုင်တိုက်လေယာဥ်နှင့် စစ်ရဟတ်ယာဥ် ငါးစီးအထိရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် ရှမ်းပြည်၊ ကွတ်ခိုင်မြို့နယ်၌ တိုက်ခိုက်ရေးဂျက်လေယာဥ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ချနိုင်ခဲ့သည်။

အလားတူ ဇန်နဝါရီလ ၃ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသ၌ Mi-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ် တစ်စီးကိုလည်း KIA က ပစ်ချနိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီး စစ်ရဟတ်ယာဉ် တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်းနှင့် မဟာမိတ်တပ်ပေါင်းစုများက ပစ်ချနိုင်ခဲ့သည်။

ယင်းနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ကရင်နီဒေသ၌ K8 W အပေါ့စားတိုက်လေယာဥ် တစ်စီးကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီတပ်မတော်(KA)တို့က ပစ်ချနိုင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်တွင်လည်း ကချင်ပြည်နယ်၊ မိုးမောက်ဒေသ၌ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ် တစ်စီးကို KIA က ပစ်ချနိုင်ခဲ့သည်။

https://www.facebook.com/narinjara.info/posts/979541367546326

Leave a Reply

Your email address will not be published.