အမ်းမြို့ အမြောက်တပ်အထိုင်ကုန်း ကွပ်ကဲရေးအရာရှိ ဗိုလ်တစ်ဦး AA စနိုက်ပါ ထိမှန်သေဆုံး

By Narinjara / 2024 November 04

လက်ရှိ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည့် အမ်းတိုက်ပွဲတွင် အမြောက်တပ်ကို ကွပ်ကဲနေသည့် ဗိုလ်အဆင့်အရာရှိတစ်ဦး အာရက္ခတပ်တော် (AA)၏ စနိုက်ပါ ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းပြင် အမ်းမြို့တွင်ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း စနိုက်ပါမိ၍စစ်သားတစ်ဦးသေဆုံးပြီး ၄၀ ဦးခန့်ဒဏ်ရာရရှိသွားကြောင်းစစ်‌ကောင်စီ၏ စစ်လော်ဘီပို့စ်များတွင်လည်းရေးသားဖော်ပြနေကြသည်။

ယနေ့နိုဝင်ဘာ ၄ရက်နံနက် ၁၁ နာရီကျော်ခန့်တွင် AAမှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျဉ်ထိမှန်သေဆုံးသွားသည့်စစ်ကောင်စီ အရာရှိမှာ အမြောက်ကြီးတပ်မှဗိုလ်ဖြိုးဝေဖြစ်ကြောင်းခိုင်လုံသည့် စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

“ဒီနေ့ပေါ့နော်။သူကအမြောက်တပ်ထဲမှလက်နက်ကြီးကုန်းမှာတာဝန်ကျနေတဲ့အရာရှိပါ။အေအေကလည်းဘေးပတ်ဝန်းကျင်ကိုနေရာယူထားတယ်။သူတို့(စစ်တပ်)ကလည်းလက်နက်ကြီးတွေနဲ့နေ့စဉ်အဆက်မပြတ်ပစ်နေတာ။ဒီနေ့ မနက်၁၁ နာရီကျော်ခန့်မှာ AAစနိုက်ပါ ပစ်လိုက်တာ သူဦးခေါင်းကိုဖောက်ဝင်သွားပြီးပွဲချင်းပြီး သေတယ်”ဟုသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

၎င်းပြင်အမ်းမြို့၊ နပခ ဌာနချုပ်အနီးတဝိုက်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA) မှ စနိုက်ပါဖြင့် ပစ်ခတ်၍ စစ်ကောင်စီဖက်မှ စစ်သည်တစ်ဦးကျဆုံးကာ ၄၀ဦးဒဏ်ရာရရှိသွားပြီး ဒဏ်ရာရရှိသူများကို မကွေးဆေးရုံသို့ပို့ဆောင်ထားသည်ဟု ယနေ့နိုဝင်ဘာ ၄ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။

” ရန်သူ့ခြေကုတ်ကို ဖြိုဖျက်နေရလို့ အထိအခိုက် သတင်းကြားရပါတယ် ။ မိမိဘက်ကစနိုက်ပါထိမှန်၍ စစ်သည်တဦး ကျဆုံးပါတယ်။ မစိုးရိမ်ရ ဒဏ်ရာ ရရှိသူ ၄၀ ဦးရှိပါတယ်။ အားလုံး မကွေးဆေးရုံကြီးမှာ ဆေးကုသမှု ခံနေကြပါပြီ ” ဟုရေးသားထားသည်။

ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း ပြည်သူ့စစ်အပါအဝင် စစ်သည်အင်အားရာနဲ့ချီဖြည့်တင်းထားပြီး သံချပ်ကာယာဉ်တန်းများလည်း စီစဉ်ပေးထားကြောင်း စစ်ကောင်စီ၏ လော်ဘီသတင်းက တစ်ခုကဆိုသည်။

” မနေ့က ဒုတိယအကြိမ်မြောက် စစ်ကူစစ်ကြောင်းကြီးလည်း ရောက်ရှိသွားပါပြီ ။နောက်ထပ် တိုက်စစ်အတွက် ပြည်သူ့စစ်များလည်း လိုက်ပါရန် ဆန္ဒပြုတဲ့အတွက်ခွင့်ပြုထားပါပြီ။ ပြည်သူ့စစ်များအတွက် လုံခြုံရေးပိုမိုကောင်းမွန်စေရန် သံချပ်ကာယာဥ်တန်းများနဲ့ စီစဥ်ပေးထားတယ်'” ဟုဆိုသည်။
လက်ရှိတွင်အမ်းမြို့တွင်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး မြို့သစ်ရပ်ကွက်၊ အကွက်(၅)ထဲတွင်ရှိသည့် စစ်ကောင်စီများကို AAကထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၄ ရက်ခန့်ကြာမြင့်ပြီဟု အမ်းမြို့ခံတစ်ဦးကပြောသည်။

” မြို့သစ်ရပ်ကွက်က အေးရိပ်သာဘုန်းကြီးကျောင်းအနောက်ကြောမှာ တိုက်ပွဲတွေဖြစ်တယ်။ လေယာဉ်ဆင်းသံရော၊ လက်နက်ပစ်ခတ်သံရော နေ့တိုင်းကြားရပါတယ်” ဟုပြောသည်။

စစ်ကောင်စီသည်နိုဝင်ဘာ၃ ရက်နေ့က စက်လက်နက်ပစ္စည်းများ၊ ဆေးဝါးများနှင့် ရိက္ခာများကိုရဟတ်ယာဉ်များဖြင့် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တစ်ကြိမ်လျှင် ၂ စင်းကျစီဖြင့် နပခဌာနချုပ် ဘောလုံးကွင်းတွင် ၃ ကြိမ်၊ ၆စင်းဆင်းသက်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၄ ရက်နေ့တွင်လည်း တစ်ကြိမ် ၂စင်း၊ နှစ်ကြိမ် ၄ စင်း ဆင်းသက်ခဲ့သည်ဟု နိရဉ္စရာမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၂၈ ရက်နေ့ကလည်းစစ်ကူများကို အမ်းမြို့ ၊အမ်းတောင်အုပ်စုရှိအမှတ် (၇၅ရ) အလုပ်ရုံတပ်ခွဲ (လျှပ်စစ်တပ်) ၎င်းနေ့နေ့လယ်ပိုင်းကပို့ဆောင်ခဲ့ပြီး ၎င်းတပ်ကတစ်ဆင့် နပခ ဌာနချုပ်ထဲကို ထပ်မံအင်အားဖြည့်တင်းခဲ့သည်ဟုဆိုသည်။

Y-12 လေထီးများဖြင့်လည်း လက်နက်နဲ့ ရိက္ခာအထုပ်ပေါင်း ၁၀၀ ကျော်ကို ချပေးခဲ့သည်ဟု မျက်မြင် ဒေသခံများကပြောသည်။

အာရက္ခတပ်တော်သည်လက်ရှိတွင် ခမရ (၃၇၃)၊ကုတင် ၃၀၀ဆေးတပ်၊ကံ့ကော်တစ်ထောင်ဘုရား၊ပူလောင်တောင်ဘုရားကုန်း၊စရဖတပ်၊ နပခ အနီးရှိ မိုက်ကရိုဝှေ့တောင်ကုန်း၊ အမှတ်(၈) တိုက်စည်းကျောင်း၊ BEတပ်ရင်း၊သရက်ပင်တပ်စခန်း၊နတလဂိတ်များကိုသိမ်းပိုက်လိုက်ပြီဟု သိရသည်

အမ်းမြို့သိမ်းတိုက်ပွဲတွင်နပခဌာနချုပ်နှင့်လက်ရုံး တပ်ရင်းအနည်းငယ်သာကျန်နေပြီးစစ်ကောင်စီမှလေကြောင်းကိုအဓိကထားပြီးခုခံတိုက်ခိုက်နေသည်ဟုသိရသည်။

https://www.facebook.com/narinjara.info/posts/974275431406253

Leave a Reply

Your email address will not be published.