By Narinjara / 2024 November 18
အာရက္ခတပ်တော်(AA) က အမ်းမြို့မှ သိမ်းပိုက်ရန် ကျန်နေသေးသည့် စခန်းများအထဲက နောက်ထပ် အရေးကြီးသည့် တပ်ရင်း တပ်ဖွဲ့ ၃ ခုကို သိမ်းပိုက်လိုက်ပြီဟု စစ်ရေး သတင်းရင်းမြစ်များအရ သိရှိရသည်။
သိမ်းပိုက်လိုက်သည့် စခန်းများမှာ အမှတ် ထပခ-၉၂၆( ၉၂၆ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ)၊ တထခ-၁၀(အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ)နှင့်တစ်မိုင်ကုန်းစခန်းတို့ ပါဝင်သည်ဟု သိရသည်။
အာရက္ခတပ်တော်မှ သိမ်းပိုက်ရန် ကျန်နေသေးသည့် စခန်း (၁၀) ခုခန့်ရှိရာ ထိုအထဲက နောက်ထပ် ထပခ (၉၂၆) နှင့်တထခ (၁၀) တို့ကို သိမ်းလိုက်ခြင်းဖြစ်သည်။
ထပခ( ၉၂၆) ကို တိုက်ရာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သည် အကျအဆုံးများစွာဖြင့် နောက်ဆုတ်သွားခဲ့ရသည်ဟု သိရသည်။
သိမ်းပိုက်ခံလိုက်ရသည့် တစ်မိုင်ကုန်းနှင့် စနိုက်ပါကုန်းတို့မှာ စစ်ရေးအရအရေးပါသည့် တောင်ကုန်းများဖြစ်ကြပြီး ထိုနေရာများမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ စနိုက်ပါများဖြင့် လှမ်းပစ်မှုများရှိနေသည်ဟု သတင်းရရှိသည်။
တစ်မိုင်ကုန်းတပ်စခန်းကို သိမ်းပိုက်ရာတွင် အာရက္ခတပ်တော် ( AA) မှ အာရက္ခအမျိုးသမီး စစ်သည်တော် တစ်ရာကျော်ခန့် နီးပါးခန့် ပါဝင်ကြောင်း စစ်တပ်အသိုင်းအဝိုင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြနေကြသည်။
အာရက္ခတပ်တော် (AA)က နောက်ထပ် သိမ်းပိုက်ရန် ကျန်နေသေးသည့် အမ်းအခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များမှာ ၁။ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၂။ ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ ၃။ ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း ၄။ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း ၅။ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၆။ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း ၇။ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း ၈။ စအရ (၉၁၉) – အမှတ် (၉၁၉) တို့ဖြစ်ကြသည်။
လက်ရှိ မြေပြင်သတင်းများအရ လေယာဉ်ကွင်းအနီးရှိ ရပ်ကွက်ကျေးရွာများကို AA တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးများလုပ်ဆောင်နေပြီး ပြည်သူအများစုမှာ နေအိမ်များကို စွန့်ခွာကာ စစ်ဘေးရှောင်သွားကြပြီ ဖြစ်ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/985120486988414