အမ်းတွင် AA သိမ်းပိုက်ထားသော ရေဒါစခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင် 

By DMG / 2024 November 05

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသော လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါစခန်းကို အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ AA သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ မြေပြင်မှ အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရှိနေသည်။

“စစ်ဆေးရုံခြံဝင်းထဲမှာရှိတဲ့ အဲဒီရေဒါစခန်းကို ပြီးခဲ့တဲ့ လကတည်းက သိမ်းထားပြီးသား။ အခုလဆန်းပိုင်းမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြန်ပြီးတော့ ထိုးစစ်ဆင်တာ။ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) ပြန်ဆုတ်သွားရတယ်” ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါရေဒါစခန်းမှာ စစ်ကောင်စီအတွက် အရေးပါသောစခန်းတစ်ခုဖြစ်ပြီး AA အတွက်လည်း မြေပြင်စစ်ရေးလှုပ်ရှားမှုများတွင် စိန်ခေါ်မှုဖြစ်နေသည့် တပ်စခန်းဖြစ်သည်။

ထိုစခန်းတွင် လေကြောင်းကာကွယ်ရေး အမြှင့်နည်းပညာများ တပ်ဆင်ထားပြီး ဒရုန်းပျံသန်းမှုနှင့် ဆက်သွယ်ရေးလိုင်းများကို ဖမ်းယူနားထောင်နိုင်သဖြင့် စစ်ရေးဗျူဟာအရ အ‌ရေးပါ၍ စစ်ကောင်စီက အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်း သိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်သည်။

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလုံးစုံသိမ်းပိုက်နိုင်ရေး AA က ဝန်းရံပိတ်ဆို့တိုက်ခိုက်နေ၍ နေ့စဉ်တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

“နေရာအနှံ့မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်ကလည်း အင်အားအလုံးအရင်း ထပ်တိုးချနေတယ်” ဟု မြေပြင်အခြေအနေသိရှိသူ အမ်းဒေသခံတစ်ဦးက ပြောသည်။

အမ်းအခြေစိုက် စစ်ကောင်စီ တပ်စခန်းများထဲမှ စစ်မြေပြင်အင်ဂျင်နီယာတပ်(BE)နှင့် ပဲပဒုံဂိတ်၊ ခမရ ၃၇၃၊ စစ်ဘက်ရေးရာလုံခြုံရေးတပ် (စရဖ)၊ ဆေးတပ်နှင့် ပူလောင်တောင်ကုန်းရှိ အမြောက်စခန်းတို့ကို AA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/956665983173665

Leave a Reply

Your email address will not be published.