By Narinjara / 2024 November 11
ဧရာ၀တီတိုင်းသာပေါင်းမြို့မှ စစ်မှုထမ်းတပ်သားသစ်နှစ်ဦးသည် ရခိုင်ပြည်၊ အမ်းမြို့တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းမိဘများအား စစ်ကောင်စီကအကြောင်း ကြားခဲ့သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ရာ သိရှိခွင့်မပေးတော့သဖြင့်မိသားစုများမှာ အထူးစိုးရိမ်နေကြသည်ဟု သာပေါင်းမြို့ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။
ဒဏ်ရာရသွားသည့် စစ်မှုထမ်းတပ်သားသစ်နှစ်ဦးအနက် တစ်ဦးသည် ကျည်ဆံမှာ နံရိုးဘေးဖောက်ထွက်ဒဏ်ရာရရှိပြီး ကျန်တစ်ဦးမှာ လက်မောင်းထိမှန်ဒဏ်ရာရရှိသွားကြောင်းသိရသည်။
သူတို့ဒဏ်ရာရသည်ကို မိသားစုအား စစ်ကောင်စီက အကြောင်းကြားခဲ့သော်လည်း နောက်ပိုင်းတွင်အသိပေးခြင်းမရှိတော့ဟု ၎င်းကပြောဆိုသည်။
“ဒဏ်ရာရပြီး အဆက်အသွယ်ထပ်မရတော့ မိသားစုတွေ အရမ်းစိုးရိမ်နေကြတယ်။ သူတို့ နှစ်ဦးက သာပေါင်းမြို့၊ ရပ်ကွက်(၂)နှင့် (၃)တို့က စစ်မှုထမ်းအပါတ်စဉ်(၂)မှာ ပါသွားတဲ့ စစ်မှုထမ်းတပ်သားသစ်နှစ်ဦးပါ။နိုဝင်ဘာလပထမပတ်က အမ်းမြို့တိုက်ပွဲရှေ့တန်းတစ်နေရာတွင် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တာဖြစ်ပါတယ်” ဟု သူကပြောသည်။
လက်ရှိတွင် သာပေါင်းမြို့ထဲက စစ်မှုထမ်းတပ်သားအများအပြားလည်း အမ်းစစ်မြေပြင်တွင် သေဆုံးမှုများရှိနေသည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
“သာပေါင်းမြို့ထဲက ရပ်ကွက် ၂ နဲ့ ၃တင်မကဘူး။ တခြားရပ်ကွက်တွေကလည်း ရခိုင်တိုက်ပွဲတွေမှာ ကျတာတွေကိုမိဘတွေကိုအသိပေးတာရှိတယ်။ မပေးတာလည်း ရှိတယ်။ အခုဖြစ်နေတဲ့အမ်းတိုက်ပွဲမှာသာပေါင်း၊ ကျုံပျော်၊ ပုသိမ်ရပ်ကွက်တွေက စစ်မှုထမ်းကောင်လေးတွေအများကြီးသေကြတယ်ကြားတယ်။ ကိုယ့်သားသေတာတောင် ကျယ်ကျယ်မပြောရဲတဲ့ဘဝအခုက” ဟုပြောသည်။
တပ်သားသစ်များမှာ အများအပြား သေဆုံးနေသည်ဟု သတင်းများ ထွက်နေကြောင်း၊ လက်ရှိတွင်ဒဏ်ရာရသွားသူစစ်မှုထမ်းနှစ်ဦးသေဆုံးသွားပြီဟုသတင်းများထွက်ပေါ်နေသော်လည်း ဆက်သွယ်မရဖြစ်နေကြောင်း နောက်ထပ်သာပေါင်းဒေသခံတစ်ဦးက ပြောသည်။
“တပ်သားသစ်တွေက နယ်စုံကလေ။ရခိုင်ကိုလေယာဉ်နဲ့ပို့တယ်။ ဟိုမှာတိုက်ပွဲကအသင့်လေ။လူဟောင်းတွေတောင်သေနေကြတာ။ လူသစ်(တပ်သားသစ်)တွေက ဘူမသိကိုးမသိတွေလေ။သေတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် စစ်ရှုံးနေသည့်စစ်ကောင်စီ၌စစ်မှုထမ်းလူလိုနေ၍ ဧရာဝတီတိုင်းတွင်းရှိကျေးရွာအုပ်စုများကို အပါတ်စဉ်အလိုက်မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများက လူရသလောက် ပို့ပေးရမည်ဟု စစ်ကောင်စီက ဖိအားပေးနေသည်ဟု သိရသည်။
ရန်ကုန်၊ ဧရာဝတီ၊ မကွေးမြို့များရှိ စစ်မှုထမ်းသင်တန်းကျောင်းများတွင် စစ်ကောင်စီစုဆောင်းထားသည့်စစ်မှုထမ်းများသည် ရခိုင်စစ်မြေပြင်သို့ အများဆုံးအပို့ခံထားရပြီး သေဆုံးမှုများပြားနေကြောင်း Burma Affairs & Conflict Study (BACS)က ထုတ်ပြန်ထားသည်။
မိခင်ကိုဆေးကုရန် ငွေကျပ် သိန်း ၆၀ ဖြင့် အစားထိုးဝင်ရောက်ခဲ့သည့် မကွေးတိုင်း အနောက်ခြမ်းမှ စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်း လူငယ်တစ်ဦးသည်လည်း သင်တန်းဆင်းပြီးနောက် ရခိုင်ပြည်၊သံတွဲဘက်ကို ပို့ဆောင်ခံခဲ့ရပြီးအာရက္ခတပ်တော် (AA) နှင့်တိုက်ခိုက်ရသည့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း BACS မှ သိရသည်။
စစ်ကောင်စီစုဆောင်းထားသည့်စစ်မှုထမ်းများသည်ရခိုင်ပြည်နယ်ရှိ သံတွဲတိုက်ပွဲ၊ ဂွတိုက်ပွဲနှင့်မောင်တောတိုက်ပွဲများတွင် သေဆုံးမှုများရှိပြီး သံတွဲတိုက်ပွဲနှင့်ဂွတိုက်ပွဲတို့တွင် ထွက်ပြေးမှုများပင်ရှိခဲ့ကြောင်း ဒေသခံများကလည်း ပြောဆိုကြသည်။
https://www.facebook.com/narinjara.info/posts/979576610876135