အမ်းစစ်မြေပြင်ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကိုဖမ်းမိခဲ့တယ်လို့ (CDF – Asho) သတင်းထုတ်ပြန်

By Narinjara / 2024 November 09

အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)က သတင်းထုတ်ပြန်သည်။

ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးမှာ အမ်းမြို့ (နပခ)ရှိ ခမရ (၃၇၃)မှ တပ်သား ကိုသက်နိုင်- ကိုယ်ပိုင်အမှတ် (ပစ – ၁၀၄၆၀၁) ၊ကိုသက်နိုင်ဦး ကိုယ်ပိုင်အမှတ်(ပစ – ၁၀၄၆၀၀) နှင့်ခမရ (၃၇၁)၊ ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းမှ တပ်သား ကိုရဲမွန်ဦး-ကိုယ်ပိုင်အမှတ်(ပစ – ၁၀၄၉၇၉)နှင့် တပ်သား ကိုကျော်မင်းဦးကိုယ်ပိုင်အမှတ် (ပစ – ၁၀၄၉၈၄) တို့ဖြစ်ကြသည်ဟု CDF – Asho က နိုဝင်ဘာလ ၈ ရက်၊ ည ၁၂ နာရီခန့်တွင်ထုတ်ပြန်သည့်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၄ ဦးအား မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်စပ်ရှိ ကျွန်ုပ်တို့ CDF – Asho ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာတွင် ဖမ်းဆီးရမိခဲ့သည်”ဟု ဖော်ပြထားသည်။

သူတို့လေးဦးအနက်ကိုသက်နိုင်နှင့် ကိုသက်နိုင်ဦးတို့ကို အောက်တိုဘာ ၃၁ ရက်တွင်လည်းကောင်း၊ကိုရဲမွန်ဦးနှင့် ကိုကျော်မင်းဦးတို့ကို နိုဝင်ဘာ ၃ ရက်တွင်လည်းကောင်းဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသော ရန်သူ့စစ်သုံ့ပန်းများအား နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း CDF – Asho ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမ်းမြို့ရှိနပခ၏ပတ်လည်ရှိ တပ်စခန်းများကို AA က သိမ်းပိုက်ထားပြီး လက်ရှိတွင် ခမရ၃၇၂ ကိုသိမ်းပိုက်ရရှိရန် AA က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီသည် နပခဌာနချုပ်ကို တပ်ရင်းတပ်ခွဲ ၁၇ ခုဖြင့် အခိုင်အမာတည်ဆောက်ထားပြီးလက်ရှိတွင် ခမရ ၃၇၃၊ ခမရ ၃၇၁ နှင့်အရေးပါသောတပ်ရင်း ၁၄ ခုကို AA ကအပြီးသတ် သိမ်းပိုက်ထားပြီဟု စစ်ဘက်သတင်းများအရ သိရသည်။

https://www.facebook.com/narinjara.info/posts/977516854415444

Leave a Reply

Your email address will not be published.