By Narinjara / 2024 November 21
အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ အမ်းကို မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ကူသွားတဲ့ယာဉ်တန်းရဲ့ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစုတပ်ဖွဲ့ (PRA – Magway) က ခြုံခိုတိုက်ခိုက်တဲ့အတွက် စစ်သား ၉ ဦး သေဆုံးပြီး ၁ဝ ဦးခန့် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီကနေ့ (PRA-မကွေး) ရဲ့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်ထဲမှာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ အင်အား ၄၀ ခန့်ပါရန်သူ စစ်ကောင်စီစစ်ကြောင်းကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ နိုဝင်ဘာ ၂ဝ ရက်၊ ညနေ ၄ နာရီခန့်မှာ ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ခုလို အကျအဆုံးတွေ ရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။