By Narinjara / 2024 November 06
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့်ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းအစပ်ရှိအမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသော စစ်ကောင်စီ၏ကင်းစခန်းနှစ်ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့တွင်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် (၁၁)တို့ရှိ စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)နှင့်မင်းဘူးခရိုင်အမှတ် (၂)တပ်ရင်းတို့ပူးပေါင်း၍ ယမန်နေ့ နိုဝင်ဘာ ၅ ရက်၊နံနက် ၁၁ နာရီ မိနစ်အစွန်းတွင် တစ်ပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုတပ်ဖွဲ့သုံးခုစလုံးက ယနေ့ နိုဝင်ဘာ ၆ရက်တွင် သတင်းထုတ်ပြန်သည်။
“အဆိုပါတိုက်ပွဲများအတွင်းရန်သူ့စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးခန့်သေဆုံးနိုင်ပြီးဒဏ်ရာရရှိသူများကိုလည်း နတ်ရေကန် လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့်သယ်ထုတ်သွားခဲ့ပါသည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲတွင်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီးရန်သူစစ်ကူများရောက်ရှိလာကာ နှစ်ဖက်ညှပ်ပစ်ခတ်လာခြင်း၊နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်လာခြင်းတို့ကြောင့် အပြီးသတ်ရှင်းလင်းရေးမလုပ်ဆောင်နိုင်ခဲ့ဘဲ မိမိတို့တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရသည်ဟုလည်း ဆိုထားသည်။
အမ်း-ပဒါန်းလမ်းပိုင်းသည် ရခိုင်ပြည်အတွင်း အဝင်အထွက် လမ်းပေါက်များထဲမှ တစ်ခုဖြစ်သည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးလာနိုင်သည့် လမ်းကြောင်းဖြစ်သည်ဟုလည်း သိရသည်။
“ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသထိန်းချုပ်စိုးမိုးနိုင်ရေးသည် မိမိတို့တော်လှန်ရေးအင်အားစုများ၏ စစ်ရေးရည်မှန်းချက်ဖြစ်ပြီး ယခု အမ်း-ပဒါန်းလမ်းပိုင်းထိန်းချုပ်နိုင်ရေးသည် စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုများလည်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုတိုက်ခိုက်ခဲ့သည့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သုံးခုအနက် PRA-Magway သည် မင်းဘူးခရိုင်အတွင်းအခြေပြုလှုပ်ရှားပြီး ပဒါန်း-အမ်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်ရေးဖော်ဆောင်လျက်ရှိသည့်အဖွဲ့ဖြစ်သည်ဟု သိရသည်။
အလားတူ ACDF သည်လည်း မကွေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ခြမ်းရှိ မကွေး -ရခိုင်အစပ်၊ ငဖဲမြို့နယ်တွင် စစ်ရေးလှုပ်ရှားလျက်ရှိသည့်အဖွဲ့ဖြစ်သည်။
https://www.facebook.com/narinjara.info/posts/975731964593933