By Narinjara / 2024 November 21
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာရဲ့အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ အင်အား ၄၀ ခန့်ပါရန်သူစစ်ကောင်စီစစ်ကြောင်းကိုလူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) မှ နိုဝင်ဘာ ၂ဝ ရက်၊ ညနေ ၄ နာရီခန့်မှာခြုံခိုတိုက်ခိုက်ခဲ့ရာမှာစစ်ကောင်စီဘက်က ခုလို အကျအဆုံးတွေ ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
PRA-Magwayပြန်ကြားရေးတာဝန်ခံက “ ဟုတ်ကဲ့ခင်ဗျား။ မနေ့ကတော့ အမ်းဘက်ကို စစ်ကူသွားမယ့် ယာဉ်တန်းတက်လာတာရှိတယ်။ ဒီယာဉ်တန်းကို ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ဖို့ ဆိုပြီးတော့ စောင့်နေခဲ့တယ်ပေါ့နော်။ ဒါပေမယ့်ကားတွေမှာ ဂျန်မာပါတဲ့အတွက် ကျွန်တော်တို့ control မိုင်းတွေက အလုပ်မလုပ်တော့ မိုင်းဆွဲတိုက်ခိုက်လို့ မရခဲ့ဘူးပေါ့နော်။ အဲဒါနဲ့ ကားတွေ လွန်သွားတဲ့အချိန်မှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကားပျက်လို့ ကျန်ခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ အင်အား၄၀ လောက်တက်လာချိန်မှာ ခြုံခိုပြီးတော့ တိုက်ခိုက်ခဲ့တာခင်ဗျား”လို့ နိရဉ္စရာကို ပြောကြားပါတယ်။
နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်ဟာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ရန်သူစစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့တာကိုတိုက်ပွဲအတွင်းမြင်တွေ့ခဲ့ရပြီး ၁ဝ ဦးခန့် ဒဏ်ရာရရှိသွားခဲ့တယ်လို့မြေပြင်သတင်းပေးပို့မှုတွေအရ သိရှိရတယ်လို့ဆိုပါတယ်။
ကောင်စီစစ်ကြောင်းဟာမစခ (၉ဝ၅) လက်အောက်ခံ တပ်တွေနဲ့ ပေါ်တာဆွဲခံရတဲ့ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။
ရှေ့ စစ်ရေးအလားအလာနှင့် ပတ်သက်ပြီး ပြန်ကြားရေး တာဝန်ခံက “ တိုက်ပွဲကတော့ကြိုးကြား ကြိုးကြား ရှိနေပါတယ်။ ထပ်ပြီးတော့လည်း ကျွန်တော်တို့ လှုပ်ရှားဖို့တော့ ရှိနေပါတယ်” လို့ပြောဆိုပါတယ်။
ပဒါန်း-အမ်းလမ်းပိုင်းထိန်းချုပ်ရေးဟာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)မှ ချမှတ်ထားတဲ့စစ်ရေးရည်မှန်းချက်ရဲ့ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ပြီးအဲဒီကတဆင့် ကျယ်ပြန့်တဲ့စစ်ဆင်ရေးတွေကို ဖော်ဆောင်သွားမယ်လို့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
https://www.facebook.com/narinjara.info/posts/987009640132832