သံတွဲမြို့ ဗုံးကြဲခံရ၍ ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံး

By DMG / 2024 November 10

ရခိုင်ပြည်၊ သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် သံတွဲမြို့၊ အမှတ် (၈)ရပ်ကွက်ရှိ TMP စက်ရုံကို လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် များမကြာမီ နံနက် ၃ နာရီခွဲခန့်တွင် ထပ်မံ၍ သံတွဲမြို့၊ အံတော်တံတားထိပ်သို့ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချမှုကြောင့် ဒေသခံနှစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“ အံတော်တံတားကို လာချတာ။ စားသောက်ဆိုင်ကို ကျပြီးတော့ မိန်းမနှစ်ယောက် သေဆုံးသွားတယ်။ ဆိုင်ပိုင်ရှင် မိန်းမနဲ့ ဆိုင်နားမှာ အိပ်နေတဲ့ စိတ်မနှံ့တဲ့ တစ်‌ယောက်လည်း ပါသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သေဆုံးသူနှစ်မှာ ဒေါ်စုစုလှိုင် (၃၄)နှစ်နှင့် စိတ်ဝေဒနာသည် မဝိုင်းစိန်မတို့ဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့် TMP စက်ရုံမှာလည်း ထိခိုက်ပျက်စီးသွားကာ အမိုးနီးယားဓာတ်ငွေ့များ ပျံ့နှံ့မှုအနည်းငယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။
“ စစ်ကောင်စီက မြို့၊ ရွာတွေကို ဗုံးကြဲနေတာက အခုဆိုရင် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတစ်ခုလို ဖြစ်နေပြီ။ ဒါကို တားဆီးနိုင်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေမပြုလုပ်နိုင်အောင် နိုင်ငံတကာအနေနဲ့ စောလျင်စွာ အရေးယူတွေ လုပ်ဖို့လိုတယ်။ မဟုတ်ရင် လေကြောင်းပစ်ခတ်ခံရမှုတွေက ဆက်ပြီးရှိနေမှာအုံးမှာပဲ” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်တွင် တိုက်ပွဲစတင်သည့်အချိန်မှ စ၍ လက်ရှိအချိန်ထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၃၀ ဦးထက်မနည်း ရှိလာသည်ဟု DMG ၏ စာရင်းအရ သိရသည်။
ရခိုင်ပြည်တွင်းက AA ထိန်းချုပ်ရာနယ်မြေများ၊ တိုက်ပွဲဖြစ်ပွားရာ နယ်မြေများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများအား စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လာနေသည်။

https://www.facebook.com/dmgnewsagency/posts/960211836152413

Leave a Reply

Your email address will not be published.