By Narinjara / 2024 November 17
ယခုနှစ် သီးနှံစိုက်ပျိုးရာသီတွင် သွင်းအားစုစိုက်ပျိုးစရိတ်စျေးကြီးမြင့်သော်လည်း သီးနှံစိုက်ပျိုးရေးကို ရခိုင်ပြည်သူများမှာ ယခင်နှစ်ကထက် စိတ်ဝင်တစားဖြင့် ပိုမိုလုပ်ကိုင်လာကြသည်ဟု သတင်းရရှိသည်။
ဒေသခံစိုက်ပျိုးရေးသမားတစ်ဦးက“အရင်ကထက် ပြည်သူတွေက စိုက်ပျိုးရေးကို ပိုမို စိတ်ဝင်စားလာကြတယ်။ အရင်က အစစ အရာရာ ဗမာပြည်မကနေ ရခိုင်ကို တင်သွင်းရတာ။ စကစက သယ်ယူပို့ဆောင်ရေး လမ်းတွေပိတ်လိုက်တာနဲ့ စားသောက်ကုန်တွေ ရှားပါးပြီး အကုန်အခက်အခဲဖြစ်သွားခဲ့ရတာ။ ဒီနေ့ ရခိုင် ပြည်သူတွေ သဘောပေါက်သွားပြီ။ သူတစ်ပါးကို မှီခို အားကိုးလို့ မရဘူး။ ကိုယ့်ဒေသအတွက် ကိုယ်တို့ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်မှ ရတော့မယ်ဆိုတာ အသိတွေ ဝင်လာပြီးနောက်မှာ သီးနှံစိုက်ပျိုးရေးကို ပိုမိုလုပ်ကိုင်လာကြတယ်”ဟု ပြောသည်။
ရခိုင်ပြည်တွင် ယခင်က စိုက်ပျိုးရေးသွင်းအားစု မြင့်တက်ခြင်း၊ လုပ်သားများရှားပါးခြင်းနှင့် အမြတ်အစွန်းနည်းပါးမှုကြောင့် သီးနှံစိုက်ခင်းများကို အကြီးအကျယ် လုပ်ကိုင်မှု မရှိခြင်းတို့ကြောင့် စစ်တွေအပါအဝင် မြို့ကြီးအချို့တွင် ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကော်ဖီ၊ မုံလာဥများအပါအဝင် အသီးအနှံများကို ဗမာပြည်မကတင်သွင်းခဲ့ကြရသည်ဟု သိရသည်။
စစ်ကောင်စီက ရခိုင်တွင် တကျော့ပြန် တိုက်ပွဲပြန်ဖြစ်လာသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ဗမာပြည်နှင့် ရခိုင်ပြည်အကြား သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများအားလုံးကို ပိတ်ဆို့လိုက်သဖြင့် ရခိုင်တစ်ပြည်လုံး စားနပ်ရိက္ခာများ လုံး၀ပြတ်တောက်သွားကာ ရခိုင်ပြည်သူများမှာ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။
၎င်းနောက်ပိုင်းတွင် ရခိုင်ပြည်တွင် တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုးရေး လုပ်ငန်းများကို စိတ်ဝင်စားသူနှင့် လုပ်ကိုင်သူများပိုမိုများပြားလာသည်ဟုသိရသည်။
“အာရက္ခပြည်သူ့ အစိုးရကလည်း စိုက်ပျိုးရေးကို အားပေးတယ်။ ကိုယ့်ဒေသမှာ စားသုံးမှုဖုံလှုံအောင် လုပ်ကိုင်ကြဖို့ တိုက်တွန်းတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး အကုန်ပေါ့။ ပြည်သူတွေလည်း အသိဝင်လာကြတယ်။ ဒါကြောင့် စိုက်ပျိုးရေးကို ပိုမိုလုပ်ကိုင်သူများလာကြတယ်” ဟုပြောဆိုသည်။
ယခုနှစ် မုတ်သုံအလွန် ပွင့်လင်းရာသီဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်တည်း ရခိုင်တောင်သူများအနေဖြင့် ခရမ်း၊ ငရုတ်၊ သခွား၊ဖရဲ၊ မြေပဲ၊ ပဲတောင့်အပါအဝင် ဆောင်းသီးနှံများကိုစတင်ထွန်ယက်စိုက်ပျိုးနေကြပြီဟု သိရသည်။
နှစ်စဥ် မြေပဲဧကတစ်သောင်းခွဲကျော်အထိ ထွန်ယက်စိုက်ပျိုးနေသည့် မြောက်ဦးမြို့နယ်မှ ပဲစိုက်တောင်သူများမှာလည်း အောက်တိုဘာလလယ်မှစတင်ကာ မြေပဲခင်းများထွန်ယက် စိုက်ပျိုးထားပြီဖြစ်ကြောင်း သိရသည်။
ယမန်နှစ်ကထက် ထွန်ယက်စရိတ်၊ စက်သုံးဆီနှင့် ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေးအစရှိသည့်သွင်းအားစုများဈေးနှုန်းမြင့်မားမှုအပြင် လုပ်သားစရိတ်များကြောင့် မြေပဲဈေးကောင်းမရလျှင်အရှုံးပေါ်နိုင်သော်လည် ဒေသချစ်စိတ်ဖြင့် မြေပဲ ၆ ဧက ကျော်စိုက်ပျိုးထားသည်ဟု စိုက်ပျိုးရေးလုပ်ကိုင်နေသူ ဒေါ်ဦးကျော့ယဥ်က ပြောသည်။
“ထွန်ယက်စရိတ်ကအရင်နှစ်ထက် နှစ်ဆထိတက်သွားတယ်။ မြေဩဇာဈေးတွေလည်း အခုဈေးကြီးတယ်။ဝယ်ရလည်းမလွယ်ကူဘူး။ ပဲပေါ်ချိန် အရင်ထက်ဈေးကောင်းရဖို့ ဆုတောင်းနေရတယ်။မရရင်အရှုံးပေါ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဒေသမှာ မြေပဲဆီထုတ်လုပ်နိုင်သူတွေ ရှိလာနိုင်တာမို့ စျေးကောင်းရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် ယခင်က စားသုံးဆီထုတ်လုပ်မှုများကို ဒေသအတွင်း တစ်ပိုင်တစ်နိုင်လောက်သာ လုပ်ကိုင်ခဲ့ကြပြီး ပြည်မကမှာယူတင်သွင်းသည့် စားသုံးဆီများကို မှီခိုအားထားခဲ့ကြရသည်။
ယခုနှစ်တွင် ယခင်နှစ်များကထက် ဒေသအတွင်း စားသုံးဆီထုတ်လုပ်မှုပိုမိုများပြားလာနိုင်သဖြင့် မြေပဲစျေး ပိုမိုရနိုင်သည်ဟု နောက်ထပ်မြေပဲတောင်သူတစ်ဦးက ပြောသည်။
ယမန်နှစ် ၂၀၂၃ ခုနှစ်၊ မြေပဲပေါ်ချိန်က မြေပဲတစ်တောင်း(နို့ဆီဗူး ၆၈ ဗူး)ကို၁၂၀၀၀ ကျပ်ဈေးဖြင့်ရောင်းချခဲ့ရပြီး သွင်းအားစုစရိတ် ယခုနှစ်လောက်မကြီးမားသည့်အတွက် အမြတ်အစွန်းမကြီးမားသော်လည်း အရှုံးမပေါ်ခဲ့ကြောင်း မြေပဲတောင်သူများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယခုနှစ်တွင်မူ ထွန်ယက်စိုက်ပျိုးစရိတ်အရင်းအနှီးများသည့်အတွက် မြေပဲပေါ်ချိန် အထွက်နှုန်းကောင်းပြီး ဈေးကောင်းပိုရရန် ပဲစိုက်တောင်သူများက မျှော်လင့်နေကြသည်။
ယမန်နှစ်က ထွန်ယက်စရိတ်မှာ ဝါးတစ်ရာပတ်လည်(၀.၈ ဧက) ကို ၄၀၀၀၀ ကျပ်သာရှိပြီး ယခုနှစ်တွင်၁၁၀၀၀၀ ကျပ်အထိရှိကြောင်း ပဲစိုက်တောင်သူများက ပြောသည်။
သို့သော်လည်း ဒေသအတွင်း စိုက်ပျိုးသီးနှံဖုံလှုံရေးအတွက် ပိုမို၍ လုပ်ကိုင်နေကြသည်ဟု ပြောဆိုသည်။
စစ်ကောင်စီသည် လူမျိုးရေးအမုန်းတရားများဖြင့် ရခိုင်ပြည်သူတို့အပေါ် အငတ်ဘေးကျရောက်စေရန် ရည်ရွယ်ပြီး ဗမာပြည်နှင့် ရခိုင်ပြည်သို့ သယ်ယူရေး လမ်းကြောင်းများကို ပိတ်ဆို့လိုက်သဖြင့် ပြည်မကို မှီခိုနေရသည့် ရခိုင်တစ်ပြည်လုံး လူသုံးကုန်ပစ္စည်းများ ပြတ်လပ်သွားကာ အဆမတန် စျေးမြင့်တက်သွားခဲ့သလို ရှာ၍ မရအောင်ထိ ရှားပါးမှုများဖြင့် ရခိုင်ပြည်သူများ ကြုံတွေ့ ရင်ဆိုင်ခဲ့ကြရသည်။
ရခိုင်ပြည်သူများမှာ အဆိုပါရှားပါးမှုဒဏ်ကို ကြံ့ကြံ့ခံကာ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းနေကြဆဲဖြစ်သော်လည်း တစ်ဖြည်းဖြည်းနှင့် အဆင်ပြေမှုများရှိလာနေသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/983844830449313