ရခိုင်အပါအ၀င် မြန်မာနိုင်ငံရှိ ဒေသအများအပြားသို့ ခရီးသွားလာခြင်းမပြုကြဖို့ ဗြိတိန်က သတိပေးချက်ထုတ်ပြန်

By Narinjara / 2024 November 16

ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံရှိ ဒေသအများအပြားသို့ ခရီးသွားလာခြင်းမပြုရန်ဗြိတိန်အစိုးရက နို၀င်ဘာ(၁၆)ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ တွင် စစ်တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အကြားကာလရှည်ကြာစွာဖြစ်ပွားနေသည့် ပြည်တွင်း ပဋိပက္ခများကြောင့်ရခိုင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံရှိ ဒေသအများအပြားသို့ ခရီးသွားလာခြင်းမပြုရန်နိုင်ငံခြား၊ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO)ကသတိပေး အကြံပြုထားကြောင်းဗြိတိန်အစိုးရ၏ တရား၀င် ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

နယ်စပ်ဒေသအများစုသို့ ခရီးသွားလာမှုကို မြန်မာအာဏာပိုင်များကကန့်သတ်ထားပြီး ၊ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ၊ အမြောက်၊ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် မြေပြင်တပ်များပါ၀င်သည့်စစ်ဆင်ရေးများလည်းဖြစ်ပွားနေကြောင်း အဆိုပါသတိပေးချက်တွင် ဖော်ပြထားသည်။

ခရီးသွားလာခြင်းမပြုရန်သတိပေးအကြံပြုထားသည့်မြန်မာနိုင်ငံရှိဒေသများမှာရခိုင်ပြည်နယ်၊ မွန်ပြည်နယ် ၊ကချင်ပြည်နယ်၊ချင်းပြည်နယ် ၊ ကယားပြည်နယ် ၊ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်း ဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီးတွင် (မြိတ်မြို့နယ် ၊ကျွန်းစုနှင့် တနင်္သာရီတောင်ဘက်မြို့နယ်များမပါဝင်) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မန္တလေးတိုင်းဒေသကြီးတွင်မန္တလေးမြောက်ပိုင်း နှင့် ပြင်ဦးလွင်မြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး တွင် ရန်ကုန်-မန္တလေး အမြန်လမ်း အရှေ့ဘက်ခြမ်း ဒေသများဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးသို့ ခရီးမသွားရန် သတိပေးချက် မရှိသော်လည်း ထိုဒေသသည် အန္တရာယ် များပြားလွန်းသည့်အခြေအနေတွင်ရှိနေသည်ဟုဆိုသည်။ရန်ကုန်တိုင်း ဒေသကြီး၏ လုံခြုံရေးအခြေအနေသည် မငြိမ်မသက်ဖြစ်နေ ပြီး အချိန် တိုအတွင်း ပြောင်းလဲနိုင်ကြောင်း ၊ အထူးသဖြင့် စစ်အုပ်ချုပ်ရေးအောက်ရှိ မြို့နယ်များဖြစ်သည့်ရွှေပြည်သာ၊လှိုင်သာယာ (အနောက်)၊ လှိုင်သာယာ (အရှေ့)၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ မြို့များသို့ သွားရောက်ခြင်းမပြုရန်သတိပေးထားသည်။

မြန်မာနိုင်ငံ ရှိ လုံခြုံရေးနှင့်ပတ်သက်သည့် ဖြစ်စဉ်များ တွင် အဓိကအားဖြင့် တပ်မတော်နှင့် ဆက်စပ်နေသည့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

ရန်ကုန်မြို့တွင်လည်း ယင်းကဲ့သို့တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိနေပြီး ပြည်ပနိုင်ငံသားများ ပုံမှန်လည်ပတ်လေ့ရှိသည့် နေရာများအပါအဝင် အရပ်သားများနှင့် အနီးအနားရှိနေသူ များကို ထိခိုက်စေနိုင်သည်။ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများ ၊ စစ်ဆေးရေးဂိတ်များကဲ့သို့သော စစ်တပ်နှင့်ဆက်စပ်သည့်နေ ရာများသည် ပစ်မှတ်များဖြစ်နေ သည်။

ရန်ကုန်မြို့တွင် နံနက် ၁ နာရီမှ ၃ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည် ဟု အကြံပြုထားသည်။

အကယ်၍ မဖြစ်မနေ မြန်မာနိုင်ငံအတွင်း ခရီးသွားရပါက ရဲတပ်ဖွဲ့ သို့မဟုတ် စစ်တပ်စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရဖွယ်ရှိသည့်အတွက် ဗီဇာပါ၀င်သော နိုင်ငံကူးလက်မှတ်ကို အမြဲဆောင်ထားဖို့လိုကြောင်းမြို့များအပါအဝင် စစ်တပ်နှင့် ရဲ စစ်ဆေးရေးဂိတ်များတွင် တာ၀န်ထမ်းဆောင်နေသည့် အမှုထမ်းအများစုသည် အင်္ဂလိပ်စကား မပြောတတ် သည်ကိုသတိထားရမည်ဖြစ်ကြောင်းFCDO မှ အကြံပြုထားသည်။

https://www.facebook.com/narinjara.info/posts/983466643820465

Leave a Reply

Your email address will not be published.