By Narinjara / 2024 November 01
အာရက္ခတပ်တော်ဟာ လက်ရှိ မောင်တော၊ အမ်းနဲ့ ဂွမြို့တို့ကို သိမ်းပိုက်ဖို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
တိုက်ပွဲတွေဟာလည်း နေ့စဉ်ရက်ဆက် ပြင်းထန်နေသလို စစ်ကောင်စီကတော့ ကြည်း ရေ လေ ၃ ခုလုံးကို အသုံးပြုပြီး အဲဒီမြို့တွေ မကျဖို့ အသည်းအသန် ခုခံကာကွယ်နေပါတယ်။ ဒါပေမယ့်လည်း အေအေရဲ့ ထိုးစစ်အောက်မှာ စစ်ကောင်စီရဲ့ စခန်းတွေ တစ်ခုပြီး တစ်ခုကျဆုံးနေပါတယ်။
လက်ရှိ မောင်တောမြို့မှာဆိုရင် နခခ (၅) နယ်ခြားစောင့် ဌာနချုပ်တစ်ခုတည်းသာ ကျန်ရှိနေပြီး စစ်ကောင်စီဘက် လေကြောင်းကို အသုံးပြုပြီး အပြင်းအထန် ခုခံနေတာကြောင့် သိမ်းပိုက်ရရှိဖို့ ကြန့်ကြာနေပေမယ့် မကြာခင် အေအေလက်ထဲကို ကျရောက်သွားနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြော ဆိုပါတယ်။