By Narinjara / 2024 November 01
ရခိုင်ပြည်တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီကြောင့် အပြစ်မဲ့အရပ်သား ၅၇ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရခဲ့သည်ဟု နိရဥ္စရာကကောက်ယူထားသည့်စာရင်းအရ သိရသည်။
သေဆုံးသူများတွင် အမျိုးသား ၄၀ ဦးခန့်နှင့် အမျိုးသမီး ၂၀ ဦးခန့်ပါဝင်သည်။
အလားတူ ဒဏ်ရာရရှိသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသား ၄၀ ဦးထက်မနည်းပါဝင်သည်။
ယင်းအထဲတွင် သံတွဲမှ ကျောင်းထိုင်ဆရာတော်နှစ်ပါးနှင့် မောင်တောမြို့နယ်မှ မွတ်ဆလင် ငါးဦးလည်း ပါဝင်သည်။
သေဆုံးသူများနှင့် ဒဏ်ရာရသူများတွင် ကလေးသူငယ်များ၊ ဆယ်ကျော်သက်လူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြသည်။
သံတွဲ၊ တောင်ကုတ်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဂွ၊ ကျောက်တော်နှင့် အမ်းစသည့်ဒေသများကို စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းတို့မှ တိုက်ခိုက်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်းဖြစ်သည်။
လေကြောင်းမှပစ်ခတ်ခဲ့မှုအများဆုံးဖြစ်ပြီး ပင်လယ်ပြင်ရှိ နေဗီနှင့် စစ်ကောင်စီအထိုင်တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုတစ်ကြိမ်စီရှိခဲ့သည်။
အောက်တိုဘာ ၁၉ ရက်တွင် မောင်တောမြို့နယ်ရှိ ဒုညောင်ပင်ကြီးမွတ်ဆလင်ရွာကို စစ်ကောင်စီနေဗီဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဥ်အတွင်း မွတ်ဆလင်အမျိုးသားငါးဦးဒဏ်ရာရသွားခဲ့သည်။
အောက်တိုဘာ ၂၁ ရက်တွင် အမ်းမြို့နယ်၊ လောင်းစပ်ရွာနှင့် ငလက်ကျရွာတို့ကို အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဥ်အတွင်း အမျိုးသားလေးဦးသေဆုံးပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦးထိခိုက်ဒဏ်ရာရသွားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ရခိုင်တွင် စစ်ကောင်စီ၏တိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော်(AA)ကဖမ်းဆီးထားသော အကျဥ်းသားများ၊ စစ်သုံ့ပန်းများအပါအဝင် စုစုပေါင်း ၉၃ ဦးသေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရသွားကြောင်း နိရဉ္စရာက ကောက်ယူထားသည့် စာရင်းအရ သိရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၀ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ကျော်အထိရှိခဲ့သည်ဟု နိရဉ္စရာ၏စာရင်းအရ သိရသည်။
ရခိုင်ပြည်သည် မေလမှ သြဂုတ်လအထိ လေးလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို အခြားဒေသများထက် အများဆုံးခံခဲ့ရသည်ဟုလည်း ဥာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ရှုံးနေသည့်စစ်ကောင်စီသည် စက်တင်ဘာလမှစတင်ကာ ရခိုင်အပါအဝင် တိုက်ပွဲပြင်းထန်နေသည့်တိုင်းရင်းသားဒေသများကို လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
လူနေထူထပ်သည့် နေရာများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဈေး၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအဆောက်အအုံကြီး၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံများအပါအဝင် စစ်ကောင်စီက စွန့်လွှတ်ခဲ့ရသည့် တပ်စခန်းများပါမကျန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ၍ အဆိုပါနေရာများတွင် သတိထားသွားလာနေထိုင်ကြရန် AA က သတိပေးထားသည်။
https://www.facebook.com/narinjara.info/posts/971478055019324