By Narinjara / 2024 November 13
ရခိုင်စစ်ရေး တစ်နှစ်ခရီး (သို့မဟုတ်) အာရက္ခတပ်တော်၏ စွမ်းဆောင်ရည်ကို လှမ်းမျှော်ကြည့်ခြင်း
“ အောင်ပွဲအစနဲ့ အတူအာရက္ခတပ်တော်ထိုးစစ်တွေစတင်”
အာရက္ခတပ်တော်ဟာ၂၀၂၃ခုနှစ်နိုဝင်ဘာလ၁၃ရက်နံနက်၅နာရီမှာရသေ့တောင်မြို့နယ်အနောက်တောင်ပိုင်းရှိ ချိန်ခါလီနှင့်ဒုံးပိုက်နယ်ခြားစောင့်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးရခိုင်တကျော့ပြန်တိုက်ပွဲကိုစတင်လိုက်ပါတယ်။
အဲဒီတိုက်ပွဲ စတင်လိုက်တဲ့နေ့မှာဘဲ ရသေ့တောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ် ရှိနေရာ (၅) ခုမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်ရှိဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကိုစတင်တိုက်ခဲ့တဲ့နေ့မှာဘဲသိမ်းပိုက်ရရှိခဲ့ပြီးချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအား နိုဝင်ဘာလ (၁၄) ရက်၊နံနက် (၇) နာရီခွဲမှာအပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။
အဲဒီစစ်ပွဲဟာချက်ချင်းသလိုတစ်ခြားမြို့နယ်တွေထိပျံ့နှံသွားခဲ့ပြီးနိုဝင်ဘာ၁၃ရက်နေ့မနက်၈နာရီကျော်အချိန်မှာမင်းပြားမြို့နယ်ဖားပြိုကျေးရွာအနီးကာလမ်းပေါ်မှာသွားလာနေတဲ့စစ်ကောင်စီကား၃စီးကိုရက္ခိုင့်တပ်တော်(AA) ကကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၂စီးကိုသိမ်းပိုက်ခဲ့ပါတယ်။
နိုဝင်ဘာ၁၃ရက်နေ့ မင်းပြားမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှကြည်း-၄၁၅၉၇ဗိုလ်မှူးသန့်ဇင်ထွန်း (ဒု-ရင်းမှူး) ၊ကြည်း-၅၀၇၃၂ဗိုလ်ကြီးဖြိုးဇေယျာလှိုင် (တပ်စုမှူး) တို့ အပါအဝင်စုစုပေါင်း (၁၀) ဦးအား စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီး ရမိခဲ့ပါတယ်။
ထို့အတူစစ်ကောင်စီရဲ့ ခလရ (၂၃၂) တပ်ရင်းနှင့်ဖြစ်ပွားခဲ့တဲ့မောင်တောမြို့မြောက်ပိုင်း၊သင်္ဘောလှရွာအနီးတိုက်ပွဲမှာလည်း သုံ့ပန်းတစ်ဦးအပါအဝင်စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းတွေကိုသိမ်းဆည်းရမိပြီးစစ်ကောင်စီဒု-စစ်ကြောင်းမှူးကျော်သက်နိုင်အပါအဝင် (၁၄) ဦးခန့်ကျဆုံးခဲ့ကာဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။
နိုဝင်ဘာ၁၃ရက်နေ့မှာဘဲရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အပေါက်ဝရဲစခန်းတစ်ခုလုံးမှရဲတပ်ဖွဲ့၂၂ဦးနဲ့တစ်ခြားတပ်စခန်းတစ်ခုကရဲတပ်ဖွဲ့ဝင်၆ဦးတို့ဟာAA ထံမှာလက်နက်ခဲယမ်းတွေ အပ်ကာ လက်နက်ချအလင်းဝင်ရောက်ခဲ့ပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းသင်္ဘောလှ၊မီးတိုက်ရွာကြားနှင့် ခမောင်ဆိပ်အနီးအနားတွင်ဖြစ်ပြီးနိုဝင်ဘာ၁၃ရက်ညနေ၃နာရီခန့်မှာဘဲစတင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာ၁၃ရက်နေ့တိုက်ပွဲစတာနဲ့စစ်တွေမြို့ဝင်အထွက်တပ်ထိန်းဂိတ်အပါအဝင်စစ်တွေ- ရန်ကုန်ကားလမ်းတစ်လျှောက်ရှိအနည်းဆုံးစစ်ကောင်စီစစ်ဆေးဂိတ်၈ခုနဲ့အတူဗမာပြည်နဲ့ရခိုင်ပြည်ကိုဆက်သွယ်ထားတဲ့အမ်း-မင်းဘူးလမ်း၊တောင်ကုတ်- ပန်းတောင်လမ်းနဲ့ဂွ- ငသိုင်းချောင်းလမ်းတွေကိုပိတ်လိုက်ပါတယ်။ရခိုင်တစ်ပြည်လုံးကုန်စည်စီးမှုအားလုံးပြတ်တောက်သွားခဲ့ပါတယ်။
နိုဝင်ဘာ၁၃ရက်တွင်စတင်ခဲ့တဲ့ပထမရက်ရခိုင်စစ်ပွဲအတွင်းစစ်ကောင်စီတပ်စခန်းတချို့ကိုသိမ်းပိုက်ရရှိထားပြီးအရာရှိတချို့ ဖမ်းဆီးရမိထားတယ်လို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရဦးခိုင်သုခကနိရဉ္စရာသတင်းဌာကိုနိုဝင်ဘာ၁၄ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။
“ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်နေတာတော့ ရှိတယ်ဗျ။ စခန်းတချို့ သိမ်းပိုက်ရရှိထားတာလည်းရှိတယ်။တချို့နေရာတွေမှာ တိုက်ပွဲကဆက်ဖြစ်နေတုန်းပဲရှိတယ်။ အရာရှိတချို့ ဖမ်းဆီးရမိထားတာလည်းရှိတယ်လို့တော့ သိရတယ်။ အခြေအနေအသေးစိတ်တွေကို ညနေဘက်လောက်မှ အချက်အလက်တွေအကုန်ရပြီးတော့မှ ထုတ်ပြန်သွားဖို့ရှိပါတယ်” လို့ဆိုပါတယ်။
နိုဝင်ဘာလ (၁၃) ရက်နေ့တစ်ရက်တည်းမှာဘဲစစ်ကောင်စီလက်အောက်ခံ၊နယ်ခြားစောင့်တပ်၊ရဲစခန်းအပါအဝင်စခန်းပေါင်း (၄၀) နီးပါးကိုစွန့်လွှတ်ထားခဲ့ပြီးနီးစပ်ရာစစ်ကောင်စီ၏စစ်စခန်းတွေမှာပူးပေါင်းသွားခဲ့ပါတယ်။
နိုဝင်ဘာ၁၃ရက်တိုက်ပွဲစတင်တဲ့နေ့မှာဘဲစစ်ကောင်စီတပ်ကအရပ်သားတွေနေထိုင်တဲ့ရပ်ကွက်၊ကျေးရွာတွေအတွင်းကိုပစ်ခတ်တဲ့အတွက်ဒေသခံအရပ်သား၅ ဦးသေဆုံးခဲ့ပြီး၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူတွေကတော့မြောက်ဦးမြို့က၂ဦး၊ကျောက်တော်မြို့နယ်အပေါက်ဝကျေးရွာတွင်၂ဦးနဲ့မင်းပြားမြို့နယ်က၁ဦး၊ စုစုပေါင်း၅ ဦးဖြစ်ကြပါတယ်။
ဒါက၂၀၂၃ခုနှစ်တစ်ကျော့ပြန်တိုက်ပွဲအစနေ့မှာအာရက္ခတပ်တော်အောင်ပွဲရရှိခဲ့တဲ့သတင်းတွေဖြစ်သလိုတစ်ဖက်မှာလည်းအကြမ်းဖက်စစ်ကောင်စီလက်ချက်နဲ့ ပြည်သူသွေး မြေခခဲ့ကြရတဲ့ နေ့ဖြစ်ပါတယ်။
ဒါတွေကတော့ တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေဘဲဖြစ်ပါတယ်။
တိုက်ပွဲတွေဆက်လက်ဖြစ်ပွား
၂၀၂၃ခုနှစ်နိုဝင်ဘာ၁၃ရက်နေ့ စတင်လိုက်တဲ့ တိုက်ပွဲဟာ ပလက်၀ဒေသအပြင် ရခိုင်ပြည်အတွင်း ရသေ့တောင်၊ မောင်တော၊ ပလက်၀၊ မြောက်ဦး၊မင်းပြား၊ကျောက်တော်မြို့နယ်တွေကိုစတင်ပျံ့နှံ့သွားပါတော့တယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တစ်နှစ်တာ ရခိုင်စစ်ပွဲကာလအတွင်း အာရက္ခတပ်တော်ဟာ ချင်းပြည်နယ် ပလက်၀၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲနဲ့ မြေပုံနဲ့ မောင်တောမြို့နယ် (နခခ ၅မှ အပ) တို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ပထမဆုံးသိမ်းပိုက်လိုက်တဲ့ ပလက်ဝဒေသ
ပလက်၀ဒေသတိုက်ပွဲကို၂၀၂၃ခုနှစ်နိုဝင်ဘာ၁၄ရက်နံနက်၆နာရီမှာထိုးစစ်စတင်ခဲ့ပြီး၂၀၂၄ခုနှစ်ဇန်နဝါရီ၁၄ရက်နေ့မှာ ပလက်၀ဒေသ တစ်ခုလုံးကိုအာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အချိန်အားဖြင့်၂လ အချိန်ယူတိုက်ခိုက်ခဲ့ပြီးနောက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အခုလိုအချိန်တိုအတွင်းမှာပလက်၀ဒေသတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တာဟာအလွယ်တကူသိမ်းပိုက်နိုင်ခဲ့တာမဟုတ်ဘဲအသက်သွေးချွေးဘ၀တွေကိုပေးဆပ်ပြီးရယူသိမ်းခဲ့ရတာလို့အာရက္ခတပ်တော်ခေါင်းဆောင်တွေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တိုက်ပွဲစတင်ခဲ့တဲ့၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃) ရက်နေ့မှာအာရက္ခတပ်တော်ဟာပလက်ဝဒေသအတွင်းကအရေးပါတဲ့ နူံးဘူးဗျူဟာကုန်း၊ တရွိန်းအိုင်ဗျူးဟာကုန်းတွေအပြင် တစ်ခြားတပ်စခန်းအမြောက်အများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်။
၂၀၂၃ခုနှစ်၊နိုဝင်ဘာလ (၁၄) ရက် နံနက် (၆) နာရီခန့်က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ “တရွန်အိုင်ဗျူဟာ”စခန်းကုန်းကြီးတစ်ခုလုံးအား၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၄) ရက် နေ့လယ် (၁) နာရီ (၀၄) မိနစ်အချိန်မှာ အပြီးသတ် ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
နောက်ထပ်“နှုံးဘူးဗျူဟာ”ကုန်းကို စတင်တိုက်ခိုက်ပြီး၂၇ ရက်အကြာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ည (၁၁) နာရီ (၄၅) မိနစ်အချိန်မှာ ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
ပလက်ဝမြို့ခဝဲဗျူဟာကုန်းကိုတော့ ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ (၂၇) ရက်နေ့၊နံနက် (၆) နာရီ (၁၀) မိနစ်အချိန်မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ အခြေကုပ် စစ်စခန်းတစ်ခုဖြစ်တဲ့ ပွိုင့် (၃၇၇) စခန်းကုန်းကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉) နာရီ (၂၀) မိနစ်အချိန်မှာ AA ကသိမ်းပိုက်ရရှိခဲ့ပါတယ်။
ပလက်ဝမြို့နယ် ခမောင်းဝစခန်းကုန်းအား၂၀၂၄ခုနှစ် ဇန်နဝါရီလ၂ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
၂၀၂၄ခုနှစ်ဇန်နဝါရီလ (၃) ရက်နေ့မှာ ချင်းလက်ဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
“မီးဝဗျူဟာ”စခန်းကုန်းကြီးကိုလည်း ဇန်နဝါရီလ (၉) ရက်နံနက် (၁၀) နာရီ (၂၈) မိနစ်ခန့်အချိန်မှာစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၁၃) ရက်၊ညနေ (၆) နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက် ရရှိခဲ့ပါတယ်။
နောက်ဆုံးသိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ “နှမဒါဗျူဟာ” ဗျူဟာစခန်းကိုတော့ ဇန်နဝါရီလ (၁၄) ရက်၊နေ့လည် (၃) နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပလက်ဝမြို့အတွင်းမှာ ရှိတဲ့ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်နဲ့ ပလက်၀မြို့ပေါ်ရှိ တပ်စခန်းတွေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင်ပလက်၀ဒေသအတွင်းကစစ်ကောင်စီစခန်းတွေဖြစ်ကြတဲ့လာမွီတောင်စခန်းကုန်း၊ရင်ကွဲတောင်တပ်စခန်းကုန်း၊ ပွိုင့်၁၂၉ကုန်း၊အောက်သဲမဝကျေးရွာအနီး ယာယီအခြေပြုစခန်း၊ ပွိုင့်၁၅၉ကုန်း၊ ခမရ၁၈တပ်ရင်း၊ယာယီအခြေပြုစခန်း၊ အဘောင်ဝကျေးရွာအနီးယာယီအခြေပြုစခန်၊မြိတ်ဝစခန်း၊ကားလမ်းလုံခြုံရီးစခန်း၊ ပွိုင့်၃၉၁စခန်း၊ ပကာဝစခန်း၊ ပွိုင့်၃၅၁စခန်း၊ ဒိုးချောင်းဝစခန်းနဲ့ ဆနွင်းတောင်ကြောစခန်းတို့ကိုလည်းတိုက်ပွဲစဉ် တစ်လျှောက်မှာသိမ်းပိုက်ရယူခဲ့ရတယ်။
အာရက္ခစစ်သည်တော်တွေရဲ့ ပြောင်မြောက်လှတဲ့ ရဲစွမ်းသတ္တိနဲ့ ပေးဆပ်စွန့်လွှတ် တိုက်ပွဲ ဝင်ခဲ့တာကြောင့် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁၄ရက်နေ့မှာ ပလက်ဝဒေသ တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အဲဒီ ဒေသတစ်ခုလုံးဟာ ပထမဆုံး“စစ်ကောင်စီလုံးဝကင်းစင်သောဒေသ” ဖြစ်လာခဲ့ပါတယ်။
ကျောက်တော်မြို့သိမ်းတိုက်ပွဲ
ကျောက်တော်မြို့နယ်ဟာ အာရက္ခတပ်တော် ဒုတိယမြောက် သိမ်းပိုက်ခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။ ကျောက်တော်မြို့နယ်မှာ စကခ (၉) တပ်မဌာနချုပ်တည်ရှိတဲ့ အပြင် ဗျူဟာမြောက်တပ်ရင်း တပ်ဖွဲ့ ၁၀ ကျော်လည်းအခြေစိုက်ပါတယ်။
ကျောက်တော်အခြေစိုက်အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အမှတ် (၃၇၇) အမြောက်တပ်ရင်းကို ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ (၁၄) ရက်နေ့မှာ အာရက္ခတပ်တော်က စတင်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီတပ်ရင်း သိမ်းပိုက်ပြီး ၃ရက်အကြာ ဇန်နဝါရီလ (၁၆) ရက်နေ့မှာတော့ ခမရ (၅၃၉) တပ်ရင်းကို အာရက္ခတပ်တော်က အပြီးသတ် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ကျောက်တော်မြို့နယ်ရှိ တပ်ရင်းတွေကို အာရက္ခတပ်တော်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ကျောက်တော်မြို့နယ်က စစ်ကောင်စီ တပ်တပ်မဌာနချုပ်အမှတ် (၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်မှာရှိတဲ့ ခမရ (၅၃၉) ကို ဇန်နဝါရီ ၁၆ ရက်နေ့၊ ခမရ (၃၇၄) ကို ဇန်နဝါရီ ၃၀ရက်နေ့၊ ခမရ (၃၇၆) ကို ဖေဖော်ဝါရီ ၂ရက်နေ့၊ ခမရ (၃၇၇) ကိုဖေဖော်ဝါရီ ၇ ရက်နေ့တို့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဒေသအခြေစိုက် တပ်ရင်းတွေထဲက စကခ (၉) လက်အောက်ခံ ကျောက်တော် အခြေစိုက်ခမရ (၃၇၄) တပ်ရင်းကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
ကျောက်တော် အခြေစိုက်စစ်ကောင်စီရဲ့ ခမရ (၃၇၄)၊ခမရ (၃၇၅) ၊ ခမရ (၃၇၆) နဲ့ တပ်မဌာနချုပ်စကခ (၉) တို့ကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်ချေမှုန်းပြီးနောက် သိမ်းဆည်းရရှိခဲ့တယ်လို့ လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ အတူ ဖေဖော်ဝါရီ၁၃ရက်နေ့ AA က သတင်းထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့နယ်က (၁) မုန့်သန်းပြင်ကျေးရွာ ယာယီအခြေပြုစခန်း၊ ကျောက်တန်းကျေးရွာအနီး ယာယီအခြေပြုစခန်း (၂) ခု၊ မီးကျောင်းတက်ကျေးရွာအနီး ယာယီအခြေပြုစခန်း၊ သဲပုံကျေးရွာအနီး ယာယီအခြေပြုစခန်း၊ မျောက်တောင်ကျေးရွာအနီး ယာယီအခြေပြုစခန်း၊ ခမရ (၅၃၉) ကန်စောက်တပ်၊ ကျီးကန်းတောင်ကြောနဲ့ အပေါက်ဝရဲစခန်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၇ရက်နဲ့ ၈ရက်နေ့တွေ အတွင်းမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့ကိုလည်း ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီးမှာ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဲဒီ သင်္ဘော (၃) စီးစလုံးကို ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင်သင်္ဘော (၃) စီးကို ကယ်တင်ဖို့ ထပ်မံလာခဲ့တဲ့ အခြားစစ်သင်္ဘော (၄) စီးကိုလည်း အနားကပ်လို့မရနိုင်အောင် လမ်းခုလတ်မှာဘဲ AA က တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီရေကြောင်း တိုက်ပွဲဟာ စစ်ကောင်စီကို ချောက်ချားတုန်လှုပ်စေခဲ့တဲ့ သမိုင်းဝင်တိုက်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရင်းစခန်း အားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် ကျောက်တော်မြို့နယ်တစ်လုံးလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ AA က သမိုင်းဝင်အောင်ပွဲအဖြစ် သတင်းထုတ်ပြန်ခဲ့ပါတယ်။
မင်းပြားမြို့သိမ်းတိုက်ပွဲ
မင်းပြားမြို့နယ် တစ်ခုလုံးမှာရှိတဲ့ တိုင်းဗဟို (၉) ပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်ကဇန်နဝါရီလ (၁၀) ရက်နေ့မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့မှာ မင်းပြားမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က ထိန်းချုပ်သိမ်းပိုက်ထားနိုင်လိုက်တာလည်း ဖြစ်ပါတယ်။
မင်းပြားမြို့မှာ ခမရ (၃၇၉) ၊ ခမရ (၃၈၀) နဲ့ ခမရ (၅၄၁) တပ်ရင်းတွေအပြင် ကမ်းနီ – တိုင်းဗဟို (၉) တန်းမြင့် လေ့ကျင်းရေးသင်တန်းကျောင်း အခြေစိုက်ထားပါတယ်။
မင်းပြားမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်၏စကခ (၉) လက်အောက်ခံခမရ (၃၈၀) တပ်ရင်းကို စစ်ကောင်စီက ကြည်း၊ရေ၊လေသုံးခုပေါင်းပြီး အပြင်းအထန် ခုခံကာကွယ်နေတဲ့ကြားက၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့မှာ အာရက္ခစစ်သည်တော်တွေက ရဲရင့်ပြောင်မြောက်စွာနဲ့ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ကျန်ရှိနေတဲ့ စကခ (၉)လက်အောက်ခံ မင်းပြားမြို့ အခြေစိုက်ခမရ (၃၇၉) နဲ့ ခမရ(၅၄၁) တပ်ရင်း တို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ AAကသတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပုလဲပေါက်ကျေးရွာအနီးစစ်ကောင်စီရဲ့ စစ်သင်္ဘော (၁) စီးကိုအာရက္ခတပ်တော်က ထပ်မံတိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာလည်း မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောနောက်ထပ် (၁) စီးကိုလည်း ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိစစ်ကောင်စီရဲ့ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သို့မဟုတ်) “တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း”ကို၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ (၂၆) ရက်၊ညနေ (၇) နာရီအချိန်ခန့်မှာ အာရက္ခစစ်သည်တော်တွေက အလုံးစုံသိမ်းပိုက်ခဲ့ပါတယ်။
မင်းပြားတိုက်ပွဲတစ်လျှောက်မှာ (၁) ပန်းမြောင်းအောင်မင်္ဂလာတောင်ကုန်းစခန်း (၂) ရာမောင်ရဲစခန်း (၃) သံသျှင်ရဲစခန်း (၄) ကျီးကန်းတောင် စခန်း (ပွိုင့်-၇၁၉) (၅) တောင်ဖြူတောင် (ပွိုင့်-၂၀၃)တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မင်းပြားတစ်မြို့နယ်လုံးဟာ ဖေဖော်ဝါရီ၂၆ရက်နေ့ကစပြီး အကြမ်းဖက် စစ်ကောင်စီတပ် ကင်းရှင်းနယ်မြေဖြစ်သွားခဲ့ပြီး အာရက္ခတပ်တော်(AA)က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မြောက်ဦးမြို့သိမ်းတိုက်ပွဲ
မြောက်ဦးမြို့ဆိုတာကတော့ ရခိုင်တစ်မျိုးသားလုံး လေးစားတန်ဖိုးရာ ရှေးဟောင်း နယ်မြေတစ်ခု ဖြစ်ပါတယ်။ ဒီလို လူမျိုးတစ်မျိုးက လေးစားတန်ဖိုးထားတဲ့ ရှေးဟောင်းနယ်မြေမှာမှ စစ်ကောင်စီက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖြိုချဖျက်ဆီးပြီး စစ်တပ်တပ်ရင်းတွေကို တည်ဆောက်ပြီး ရခိုင်လူထုကို မင်းမူ အုပ်ချုပ်နေခဲ့တာဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်မှာ ပထမဆုံး အာရက္ခတပ်တော်က သင်းကျစ်တော်တောင်စခန်းကို စတင်တိုက်ခိုက်ပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၇) ရက် ညနေ (၄) နာရီအချိန်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။ အဲဒီစခန်းကနေ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။
၂၀၂၄ခုနှစ်၊ဇန်နဝါရီလ (၁၂) ရက်၊နံနက် (၁၁) နာရီအချိန်ခန့်မှာတော့ နောက်ထပ် ကာကင်းစခန်းတစ်ခုဖြစ်တဲ့ မြောက်ဦးမြို့နယ် လင်းမြွေတောင်စခန်းကို AAက ထပ်မံသိမ်းပိုက် ရရှိခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြောက်ဦးမြို့ပေါ်မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ခမရ(၃၇၇)၊ ခမရ (၃၇၈)နဲ့ ခမရ (၅၄၀) တပ်ရင်းသုံးခု အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ခုခံကာကွယ်ခဲ့သလို ဝေဟင်ကလည်း အမြောက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပါတယ်။ စစ်ကောင်စီဟာ အာရက္ခတပ်တော်ကိုတိုက်ခိုက်ရမယ့် အစားလူမျိုးရေးအငြိုးအတေးတွေနဲ့ လူနေရွာတွေကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သားတွေ အများအပြားလည်းသေဆုံးခဲ့ရပါတယ်။
အာရက္ခတပ်တော်ဟာ မြောက်ဦးမြို့ပေါ် အခြေစိုက်ခမရ (၅၄၀) တပ်ရင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာအပြီးပိုင် သိမ်းယူနိုင်ခဲ့ပါတယ်။
ခမရ (၃၇၈) တပ်ရင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာအပြီးသတ် သိမ်းယူခဲ့ပြီး ကျန်ရှိနေတဲ့ ခမရ (၃၇၇)တပ်ရင်းနဲ့ ရဲတပ်ရင်း(၃၁)ကို ဖေဖော်ဝါရီလ (၈)ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပါတယ်။
မြောက်ဦးမြို့တွေအထဲမှာ စစ်ကောင်စီရဲ့ ဒေါက်တိုင်စခန်းတွေဖြစ်ကြတဲ့ (၁) တိမ်ညိုကျေးရွာရဲစခန်း (၂) ပေါက်တောပြင်ကျေးရွာအနီး ခရေတောင်စခန်း (၃) ပေါက်တောပြင်ကျေးရွာအနီးစခန်းတွေကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်ရရှိခဲ့ပါတယ်။
နှစ်ပေါင်းရာချီလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရက္ခိုင်လူမျိုးတွေရဲ့သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်တည်ရှိရာရှေးဟောင်းမြို့တော်မြောက်ဦးကို စစ်ကောင်စီလက်ထဲကနေ ပြန်လည်သိမ်းပိုက် နိုင်ခဲ့တာဟာရခိုင်ခေတ်သစ်သမိုင်းအတွက် တန်ဖိုးကြီးမားတဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ကတည်းကအာရက္ခတပ်တော်ကမြောက်ဦးမြို့ကို ပြန်လည်ထိန်းချုပ်သိမ်းပိုက်ထားလိုက်ပြီဖြစ်တဲ့ အတွက် ဒီကနေ့ မြောက်ဦးမြို့ဟာ ရခိုင်ရှေးဟောင်းသမိုင်းဝင်မြို့တော် ဂုဏ်ပုဒ်နဲ့အညီ လွတ်လပ်ပြီးသူ တစ်ပါးအမှီအခို ကင်းတဲ့မြို့တစ်ခုဖြစ်နေပါပြီ။
ရသေ့တောင်မြို့သိမ်းတိုက်ပွဲ
ရခိုင်ပြည်ထဲက ရသေ့တောင်မြို့ဟာ စစ်တွေမြို့ မြောက်ဘက် မိုင် ၂၀ အကွာမှာတည်ရှိပြီး မေယုမြစ်ဝှမ်း လွှင်ပြင် အလယ်ပိုင်းမှာ တည်ရှိပြီး ခေတ်အဆက်ဆက် စစ်ရေးအရ အရေးပါခဲ့တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်းက ချိန်ခါလီစခန်းနဲ့ ဒုံးပိုက်စခန်းတွေကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ပြီး တိုက်ပွဲက ဖွင့်လှစ်ခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီဟာဗျူဟာကုန်းတွေ အများအပြားအခြေစိုက်ထားသလို မြို့ပေါ်မှာလည်း တပ်ရင်း၃ရင်းကို အခြေစိုက်ထားပါတယ်။
ရသေ့တောင်မြို့နယ်မြောက်ပိုင်း “ရီစိုးချောင်းဗျူဟာကုန်း” ကိုလည်းဇန်နဝါရီလ (၁၄) ရက်၊နေ့လယ် (၁၂) နာရီတိတိအချိန်မှာ အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။
ရသေ့တောင်မြို့အတွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ (၅၃၆)၊ (၅၃၇)၊ (၅၃၈) တွေကို ၂၀၂၄ ခုနှစ် မတ် (၁၇) ရက် ညနေ၄နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာကြည်း၊ရေ၊လေ ပစ်ကူအမြောက်အမြားနဲ့ အပြင်းအထန်ခုခံနေတဲ့ကြားကနေ အဆိုပါတပ်ရင်း (၃) ခုစလုံးကိုအာရက္ခတပ်တော်က နှစ်ပတ်ခန့်ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးမှာ သိမ်းပိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ်အတွင်း ထီးစွဲဗျူဟာ၊ အမျက်တောင်၊ အငူမော်စခန်း၊ တောင်ဦးစေတီကုန်း အနီးစခန်း၊ ချိန်ခါလီစခန်း၊ ဒုံးပိုက်စခန်း၊ စေတီပြင်စခန်း၊အထက်နန်းရာတောင်ကျော် စခန်းတွေကိုလည်းသိမ်းပိုက်ရရှိခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်တစ်ခုလုံးဟာ မတ်လ (၁၇) ရက်နေ့မှာတော့ အပြီးတိုင်စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားခဲ့ရပြီး AA လက်အောက်ကို ကျရောက်ခဲ့ရပါတယ်။
ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ
ဘူးသီးတောက်မြို့နယ်ဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ အခိုင်ခန့်ဆုံး၊ အင်အားအများဆုံးနဲ့ အမာခံတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့အခြေစိုက်တပ်ရင်းတပ်ဖွဲ့တွေရှိတဲ့ မြို့ဖြစ်ပါတယ်။ စကခ(၁၅) ဟာဘူးသီးတောင်မြို့မှာ အခြေစိုက်ပါတယ်။
ဒီလိုအင်အားအများအပြာနဲ့အခိုင်အမာတပ်စွဲထားပေမယ့်ဘူးသီးတောင်မြို့နယ်ကအခြေစိုက် တပ်ရင်းတစ်ခုဖြစ်တဲ့ခမရ (၅၅၂) တပ်ရင်းကို ၂၀၂၄ခုနှစ်၊မတ်လ (၂၅) ရက်နေ့မှာ အာရက္ခတပ်တော်ကသိမ်းပိုက်ရရှိခဲ့ပါတယ်။
ဆက်လက်ပြီးတပ်ရင်းတပ်ဖွဲ့တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာမှာခမရ (၅၆၄) တပ်ရင်းကို ဧပြီလ (၅) ရက်နေ့၊ ခမရ (၅၆၅) တပ်ရင်းကို ဧပြီလ (၂၄) ရက်နေ့၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်ကို မေလ (၂) ရက်နေ့၊ ခမရ (၅၅၁) တပ်ရင်းကို မေလ (၃) ရက်နေ့၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ GE တပ်ရင်း၊ နခခ (၃) တို့ကို မေလ၁၃ ရက်နေ့မှာ အသီးသီး သိမ်းပိုက်ရရှိခဲ့ပါတယ်။
မေလ (၁၄) ရက်နေ့မှာတော့ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နဲ့ ခလရ (၂၃၃) တို့ကိုလည်းသိမ်းပိုက်ရရှိခဲ့ပြီး မေလ (၁၆) ရက်နေ့မှာတော့ နခခ (၈) စခန်းကို သိမ်းပိုက် ရရှိခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ ခမရ (၃၄၅)၊ခမရ (၃၅၂)၊ ခလရ (၂၃၄)၊နှင့်အမတ (၃၇၈)၊ ထောက်ပို့တပ်ရင်း နဲ့ GE တပ်ရင်းတို့အပါဝင်ဘူးသီးတောင်မြို့ရှိစစ်ကောင်စီရဲ့ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင်တပ်ရင်း၊တပ်စခန်းတွေ အားလုံးအား၂၀၂၄ခုနှစ်၊ မေလ (၁၈) ရက်၊မွန်းတည့် (၁၂) နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်ရယူခဲ့ပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်း ဓာတ်အားခွဲရုံ ရဲကင်းစခန်း၊ သင်္ဘောဆိပ်ရဲကင်းစခန်း၊ အမှတ် (၂) ရပ်ကွက်ရဲစခန်း၊ ခထီးလှစခန်း၊ ၄၈၂ပွိုင့်ကုန်း၊ ဖောင်တော်ပြင်စခန်းစတဲ့ စခန်းငယ်တွေ အများအပြားကိုလည်းတိုက်ပွဲကာလတစ်လျှောက်မှာ AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ခုလိုစကခ(၁၅) အပါအဝင်တပ်ရင်းပေါင်း ၂၀ နီးပါးကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို၂၀၂၄ခုနှစ် မေလ ၁၈ ရက်နေ့မှာ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ပွားခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲ
ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းကို အာရက္ခတပ်တော်က ဖေဖော်ဝါရီလ (၂၁) ရက်နေ့က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကာလ ၁၃ ရက်အကြာ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့မှာ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပုဏ္ဏားကျွန်းမြို့အတွင်း မြို့မ ရဲစခန်းကိုတော့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ကတည်းက အာရက္ခတပ်တော်က သိမ်းပိုက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့ဟာစစ်တွေနဲ့ အနီးကပ်တည်ရှိပြီးစစ်တွေ-ရန်ကုန်ကားလမ်းပေါ်မှာတည်ရှိတာကြောင့် အဲဒီမြို့မှာတည်ရှိတဲ့ ခမရ (၅၅၀)ကို အင်အားတွေအများအပြား ဖြည့်တင်းထားပြီး စစ်တွေမြို့ကိုစစ်ရေးအရကာရန်ထားတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပုဏ္ဏားကျွန်းမြို့အခြေစိုက်ခမရ (၅၅၀) စခန်းကိုကြည်း၊ရေ၊လေ အသုံးပြုပြီး အပြင်းအထန်ခုခံကာကွယ်ခဲ့ပါတယ်။ ခုလိုကာကွယ်ပေမယ့် အာရက္ခစစ်သည်တော်တို့ရဲ့ ရဲရင့်ပြောင်မြောက်စွာနဲ့ တိုက်ပွဲဝင်မှုကြောင့် ၂၀၂၄ခုနှစ်၊ မတ်လ (၄) ရက်နေ့မှာ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ် “ခမရ (၅၅၀)”ကိုအာရက္ခတပ်တော်ကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် AAဟာ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ တပ်မ (၂၂) လက်အောက်ခံတပ်ရင်းတွေလက်အောက်ခံခမရ (၂၀၂)/(၂၀၄)နဲ့ ပေါက်တောပြင်တပ်စခန်း၊ တပ်မ (၂၂)၊ (၄၄) လက်အောက်ခံတပ်တွေနေရာယူထားတဲ့ ပိန္နဲတောရွာရဲ့ အရှေ့မြောက်ဘက် စခန်း၄ခုနဲ့ ခလရ (၂၃၂) နေရာယူထားတဲ့ကွမ်းတောင်ရွာအနီးရထားဘူတာစခန်းကိုလည်း အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။
မတ်လ (၄) ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်ဟာ လုံး၀ စစ်ကောင်စီကင်းစင်တဲ့ မြို့နယ် ဖြစ်သွားခဲ့ပါတယ်။
ရမ်းဗြဲမြို့သိမ်းတိုက်ပွဲ
ရခိုင်ကရှေးဟောင်းမြို့တွေ အထဲမှာရမ်းဗြဲမြို့လည်း ပါဝင်ပါတယ်။ ရမ်းဗြမြို့ကိုအာရက္ခတပ်တော်က ရက်ပေါင်း (၈၅) ရက်အကြာ မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ (၁၁) ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်တိုက်ပွဲကာလ တစ်လျှောက် ရခိုင်ပြည် မြောက်ဖက်အခြမ်းမှာသာ အာရက္ခတပ်တော်က စစ်မျက်နှာဖွင့်လှစ်ခဲ့ပေမယ့်လည်း စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ၂၀၂၃ခုနှစ်နှစ်ကုန်ပိုင်းအရောက်မှာတော့ အာရက္ခတပ်တော်က ကျောက်ဖြူ၊အမ်း၊ တောင်ကုတ်၊ သံတွဲ မြို့တွေနဲ့အတူ ရမ်းဗြဲမြို့ကိုပါ စစ်မျက်နှာ ဖွင့်လာခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော်ရဲ့ထုတ်ပြန်ချက်အထဲမှာတော့“ ၂၀၂၄ခုနှစ်၊မတ်လ (၁၁) ရက်၊နေ့လယ် (၁) နာရီ (၁၅) မိနစ်အချိန်မှာ ရမ်းဗြဲမြို့အတွင်း နောက်ဆုံးကျန်ရှိနေတဲံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးကို တစ်ယောက်မကျန် ရှင်းလင်းနိုင်ခဲ့သောကြောင့် “ရမ်းဗြဲမြို့” ဟာ ရက္ခိုင့်တပ်တော်မှ လုံးဝအပြီးသတ်သိမ်းယူလိုက်တဲ့ မြို့တစ်မြို့ဖြစ်လာခဲ့ပြီ ဖြစ်တယ်”လို့ ဖော်ပြထားပါတယ်။
ရမ်းဗြဲမြို့တိုက်ပွဲဟာ ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ (၁၈) ရက်၊နံနက် (၈) နာရီ (၁၃) မိနစ်အချိန်မှာရမ်းဗြဲမြို့၊အောင်ချမ်းသာစေတီတိုက်ပွဲမှစတင်ခဲ့တာဖြစ်ပြီး သုံးလတာနီးပါး (၈၅) ရက်ကြာရှည်လျားခဲ့ပါတယ်။
အဲဒီမြို့တွင်းတိုက်ပွဲကာလအတွင် းစစ်ကောင်စီကလေကြောင်းကနေ တမင်ရည်ရွယ်ချက်ရှိရှိ လူနေရပ်ကွက်တွေကိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် လူနေအိမ် အများအပြားလည်း ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စဟာ ရမ်းဗြဲမြို့ မကျဖို့အတွက် ကြည်း၊ရေ၊လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံကာကွယ်ခဲ့ပေမယ့် ရက္ခိုင့်တပ်တော်ရဲ့ ဗျူဟာမြောက် ထိုးစစ်အောက်မှာ လက်မြှောက်အရှုံးပေးခဲ့ရပါတယ်။
ရမ်းဗြဲမြို့နယ်အတွင်းမှာ လေးတောင်နယ်မြေရဲစခန်း၊ အောင်လှပြင်နယ်မြေရဲစခန်း၊ ကျောက်နီမော်နယ်မြေရဲစခန်း၊ အမှတ် (၃၂) ရဲတပ်ရင်းခွဲနဲ့ မာယာတောင်ရဲစခန်းတွေရှိပြီး အဲဒီစခန်း အားလုံးကိုလည်း AA က အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။
မြေပုံမြို့သိမ်းတိုက်ပွဲ
မြေပုံမြို့အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မြေပုံမြို့က စစ်ကောင်စီရဲ့ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေကို သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလ (၁၃) ရက်နေ့မှ စတင်ဖြစ်ပွားခဲ့ပြီး သုံးလအကြာမှာ မြေပုံမြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
မြေပုံမြို့အတွင်း တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေအပြင် သူတို့ရဲ့ မိသားစုဝင် ၃၀၀ ကျော်ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၁ နာရီလောက်က စစ်ဇက်ရေယာဉ်နဲ့ မြေပုံမြို့ကို စွန့်ခွာပြီး ကျောက်ဖြူမြို့ကို ထွက်ခွာသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ဝန်ထမ်းတွေ မြေပုံမြို့ကို စွန့်ခွာပြီးနောက် အာရက္ခတပ်တော်က မြို့ကိုဝင်ရောက် ထိန်းချုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
မြေပုံမြို့နယ်အတွင် းကမ်းထောင်းကြီးမြို့ရဲစခန်း၊ မြင်းခြံစစ်စခန်း၊ ကံသာဓာတ်တောင်ကုန်းစခန်း၊ ခေါင်းဖြူရွာဘုန်းကြီးကျောင်း စခန်းတွေဟာလည်း အေအေရဲ့ထိုးစစ်ကို မခံနိုင်ဘဲနောက်ဆုတ်ခဲ့ကြရပါတယ်။
ပေါက်တောမြို့သိမ်းတိုက်ပွဲ
၂၀၂၃ခုနှစ်၊နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၀၀) နာရီ (၂၁) မိနစ်အချိန်မှာ ပေါက်တောမြို့မ ရဲစခန်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ရယူထားနိုင်ခဲ့ပါတယ်။
အဲဒီရဲစခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက အင်အားဖြည့်တင်းပြီး ကြည်းရေလေနဲ့ ခုခံကာကွယ်တဲ့အတွက် ပေါက်တောမြို့ပေါ်မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းလေတပ်ကနေ ဗုံးကြဲခဲ့သလိုရေတပ်ကလည်း အမြောက်ကြီးတွေနဲ့မြို့ကိုပစ်ခဲ့ပါတယ်။ ဒါ့အပြင်စစ်တွေအခြေစိုက်စစ်ကောင်စီတပ်ရင်းတွေကလည်းဒုံးကျည်တွေနဲ့ မြို့ကိုပစ်ခတ်တဲ့ အတွက်မြို့တစ်ခုလုံးနီးပါး မီးလောင်ပြီး အပျက်အစီး များခဲ့ရပါတယ်။
ပေါက်တောမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ခုနှစ်၊ဇန်နဝါရီ ၁၉ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပေါက်တောမြို့နယ်အတွင်းမှာတော့ (၁) ဆင်တက်မော်လုံထိန်းစခန်း (၂) မာလာတောင်လုံထိန်းစခန်း (၃) ကြိမ်နီပြင်ရဲစခန်း (၄) ဆင်တက်မော်ရဲစခန်း (၅) အနောက်ရွဲရဲစခန်း (IDP)နဲ့ (၆) ကျောက်တောင်ကျေးရွာရဲစခန်းတွေလည်းအားလုံးစခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
သံတွဲမြို့သိမ်းတိုက်ပွဲ
သံတွဲမြို့သိမ်းတိုက်ပွဲဟာ သံတွဲမြို့ကနေ ၁၂မိုင်အကွာ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီးက ရွှေလှေ၊ဒေါ်မြ၊ပုရစ်နဲ့ရေကောက်ရွာတို့မှာ ဧပြီလလယ်ပိုင်းကနေ စတင်ဖြစ်ပွားခဲ့ပါတယ်။
ဧပြီ၂၈မှာ စစ်တပ်ဘက်က လေကြောင်း၊ ကုန်းကြောင်းနဲ့ ရေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧပြီ၂၉ နဲ့ ၃၀ ရက်မှာတော့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာ အနီးဝန်းကျင်မှာ မေ၂၂ရက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာရဲ့ အနောက်မြောက်ဘက် (၃) ကီလိုမီတာ အကွာအဝေးနှင့်ဂေါ့တ် (Gawt) တောင်တန်းအနီးမှာ ၂၀၂၄ခုနှစ်၊ ဇွန်လ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ပွဲတွေ အသီးသီးဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီဟာပင်လယ်ပြင်က စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်တွေနဲ့ အဲဒီနေရာတွေကနေ အသည်းအသန်ခုခံနေခဲ့ပေမယ့်လည်း အာရက္ခတပ်တော်ရဲ့ သတ္တိ၊ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့တာကြောင့် စစ်ကောက်စီဘက်က အထိအခိုက်၊အကျအဆုံးများစွာနဲ့ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့ပါတယ်။
သံတွဲ၊ ဂေါ့ပတ်ဝန်းကျင်တိုက်ပွဲတွေ အတွင်း စစ်ကောင်စီရဲ့ Speed Boat တစ်စီးကို နစ်မြုပ်အောင်တိုက်ခိုက် နိုင်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိခဲ့ပါတယ်။
ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနဲ့ အဲဒီ အနီး ပတ်ဝန်းကျင်တွေကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီ အချိန်မှာ အပြီးသတ်သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်ကို ထိန်းချုပ်ထားခဲ့ပါတယ်။
သံတွဲမြို့နယ်အတွင်း စစ်ကောင်စီရဲ့ သံတွဲအခြေစိုက်တပ်ရင်းများထဲက လက်ကျန်စခန်းတစ်ခု ဖြစ်တဲ့ ခလရ (၅၅) တပ်ရင်းကို AAက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် အဲဒီ တပ်ရင်းကို အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သံတွဲ လေယာဉ်ကွင်းကိုလည်း ဇူလိုင်လ (၅) ရက်နေ့မှာ အာရက္ခတပ်တော်က ထိန်းချုပ်ထားနိုင်ပြီးမြန်မာနိုင်ငံမှာ ပထမဆုံးလေယာဉ်ကွင်း ထိန်းချုပ်နိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်လာပါတယ်။
အာရက္ခတပ်တော်ဟာ သံတွဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီး တစ်ခုဖြစ်တဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (သို့မဟုတ် ) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနဲ့ အဲဒီ ပတ်ဝန်းကျင်ကနေ အဆင့်ဆင့်ခုခံကြတဲ့ ရန်သူ့စစ်ကြောင်းတွေကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) နေ့မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
မောင်ရွှေလေးရွာ နဲ့ ကွင်းဝိုင်းရွာအကြားမှာ တည်ရှိတဲ့ ရေတပ်စခန်းကို တစ်လနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်မှာ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။
၂၀၂၄ခုနှစ်စက်တင်ဘာ (၅)ရက်နေ့မှာ AA က သံတွဲ စစ်ကောင်စီရေတပ်ကို ထိန်းချုပ်နိုင်တာဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရေတပ်ဌာနချုပ်တစ်ခုကို ထိန်းချုပ်နိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
ဆက်ရန် အပိုင်း(၂)
https://www.facebook.com/narinjara.info/posts/980746977425765