By Narinjara / 2024 November 07
ရခိုင်ပြည်တွင် နှစ်စဉ်ရေရှားပါးမှုကိုကာကွယ်ရန်အတွက်ရေတွင်းရေကန်များပြန်လည်တူးဖော်ရေးနှင့်ရေပေးဝေရေးလုပ်ငန်းများကိုစီမံကိန်းများ စနစ်တကျရေးဆွဲချမှတ်ကာ လုပ်ကိုင်ရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
မြောက်ဦးမြို့မှ မသန္တာက ” ဆောင်းရာသီအစပဲရှိသေးတယ်။ရေကန်တွေခမ်းစပြုနေပါပြီ။ မြောက်ဦးမြို့ကိုရေဝေနေတဲ့ သမိုင်းဝင်လက်ဆည်ကန်မှာလည်း အခုဆို သစ်ရွက်သစ်ကိုင်းတွေကျလို့ဒိုက်တွေရှိနေတယ်။အဲဒီကန်ကိုလည်းဖော်ရမယ်။ နောက်ထပ်ဆည်ကန်တွေမှာလည်း ဒီနည်းတူဖြစ်နေတာကိုပြန်လို့နက်သွားအောင် တူးဖော်သင့်ပါတယ်။ အာရက္ခတပ်တော်ဖက်ကလည်းပြန်လည်တူးဖော်ဖို့ပြင်ဆင်နေကြတာတွေတော့ရှိတယ်” ဟု နိရဉ္စရာကို ပြောသည်။
မြောက်ဦးမြို့တွင်ရှေးယခင်ရခိုင်ဘုရင်များလက်ထက်တည်းကလက်ဆည်ကန်၊ အနူမ ရေကန် အပါအဝင် တစ်မြို့လုံးကို ရေပေးဝေရန် ကန်ကြီးများ၊ ဆည်များတူးဖော်ထားရှိခဲ့သော်လည်း လက်ရှိခေတ်တွင် ပြန်လည်တူးဖော်မှုများမရှိသဖြင့် ကန်များမှာ နှုန်းနှင့်ဒိုက်များဖြင့်ပြည့်နှက်နေကာကန်ကောလာသလို တချို့ရေကန်များမှာရေအရောင်ပြောင်းလဲပြီးသုံစွဲရန် ခက်ခဲလာသည်ဟု သိရသည်။
ဆရာမောင်ခိုင်အောင်၏ ပို့စ်တွင်လည်း လက်ဆည်ကို ဓာတ်ပုံများနှင့် အတူ ဖော်ပြပြီး “အေ ဒိုက်ဖောင်တိကိုဆွဲမတင်နိုင်ကေ မဖော်နိုင်ကေ ကန်ကောလီရဖို့ယာ နှစ်ဇာလောက်ကြာဖို့လေးအဂုတောင် ဧပြီလနွီရောက်ကေ သောင်ပြင်မြို့ကို ရီမပီးနိုင် နှစ်တိုင်းပြဿနာတနှစ်ထက်တနှစ်ဆိုးပါလတ်ယင့်” ဟု ရခိုင်ဘာသာစကားဖြင့် ရေးသားဖော်ပြထားသည်။
ရခိုင်ပြည်သည်မိုးများသော ဒေသတစ်ခုဖြစ်သော်လည်း ယခင်က ဗဟိုအစိုးရအဆက်ဆက်က ရေပေးဝေရေး စီမံကိန်းများကို စနစ်တကျ ရေးဆွဲပြီး ဖြေရှင်းပေးခြင်းမရှိခဲ့သဖြင့် နှစ်စဉ်နွေရာသီရောက်တိုင်းစစ်တွေအပါအဝင် မြို့နယ်အများအပြားတွင် ရေရှားပါးမှုနှင့်ကြုံတွေ့ကြရသည်။
ထိုအထဲတွင်ပုဏ္ဏားကျွန်းမြို့တွင်လည်းပါဝင်ပြီးယခုနှစ် နွေရာသီတောင် မရောက်ရှိသေးဘဲ သောက်သုံးသူများပြားလာသဖြင့် သောက်ရေ၊သုံးရေကန်များတွင် ရေများစတင်ခမ်းခြောက်လာနေပြီဟုပုဏ္ဏားကျွန်းမြို့မှလူမှုရေး လှုပ်ရှားဆောင်ရွက်နေသူ ကိုမျိုးဟိန်းလှိုင်က နိရဉ္စရာသတင်းဌာနကို ပြောသည်။
” မနှစ်ကတည်းက ရေရှားပါးခဲ့လို့ အချိန်အကန့်အသတ်နဲ့ရေခပ်ခွင့်ပြုတာတို့ကျေးရွာတချို့မှာ လုပ်ခဲ့တာတွေရှိတယ်။ အခုကတည်းကရေကန်တွေမှာရေတစ်ဝက်ပဲရှိတော့တယ်။ ခမီကြိမ်ချောင်းဆည်က ရေကို ပိုက်နဲ့ ဆက်သွယ်ပြီးကျေးရွာအများအပြားမှာ ပေးဝေဖြန့်ချီနိုင်ဖို့လည်းကျနော်တို့ ကြိုးစားနေပါတယ်။ အရင်းအနှီးကလည်းများပါတယ်” ဟုပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်သောင်းနှင့်ချီပြီးခိုလှုံနေသဖြင့် ရေအလုံအေလာက်ရရှိရေးကို ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါမှ ပူပြင်းခြောက်သွေ့သည့် နွေရာသီတွင် ရေရှားပါးမှုပြသနာကိုဖြေရှင်းနိုင်မည်ဟု၎င်းက ပြောသည်။
လက်ရှိတွင် ပြည်သူများမှာစီးပွားရေးကျပ်တည်းမှုဒဏ်ကို အလူးအလဲ ခံနေကြရသဖြင့် ရေကန်အသစ်များတူးဖော်ရန်မတတ်နိုင်ဘဲ ရှိနှင့်ပြီးရေကန်များကိုသာ တစ်ပိုင်တစ်နိုင် တူးဖော်နေရသည်ဟု ကိုမျိုးဟိန်းလှိုင်ကဆက်ပြောသည်။
” ကန်အသစ်တူးတာမျိုးတော့မလုပ်နိုင်သေးပါဘူး။ နဂိုရှိတဲ့ကန်ကိုဘဲ ငွေအကျပ်အတည်းကြားက ဘတ်ဟိုးတွေငှားပြီးတူးဖော်တဲ့အဆင့်လောက်ပဲရှိပါတယ်” ဟု ပြောသည်။
ရခိုင်တွင် မိုးရာသီ၌ ရွာသွန်းသည့် မိုးရေများကို ရေကန်များတွင် သိုလှောင်ပြီး အသုံးပြုကြသော်လည်း ကျေးရွာတိုင်းလိုလိုတွင် လူဦးရေကများပြီး ကန်ကနည်းသဖြင့် သောက်သုံးရေ မဖုံလှုံမှုနှင့် ကြုံတွေ့နေကြရသည်။
ကျောက်တော်မြို့နယ်တွင်ပြိုင်းချောင်းဆည်၊ ဇီးချောင်ဆည်၊ ကျောက်ဖြူမြို့နယ်တွင် သိုင်းချောင်းဆည်၊ ပုဏ္ဏာကျွန်းမြို့နယ်တွင်ရှိသည့် ခမီချောင်းဆည်အပါအဝင်ဆည်တချို့ကို အစိုးရ၏ ဘတ်ဂျက်ငွေများဖြင့်တည်ဆောက်ခဲ့သော်လည်း ရေပေးဝေရေးကိုစနစ်တကျ မပြုလုပ်ခဲ့သဖြင့် ဒေသအတွင်းတွင်ရေရှားပါးမှုပြဿနာနှင့်ဒေသခံများနှစ်စဉ်ကြုံတွေ့နေရကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/976090651224731