မြန်မာရေပိုင်နက်တွင် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ဖမ်းဆီး

By DMG / 2024 November 06

နတ်မြစ်အတွင်း၌ ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦးကို နိုဝင်ဘာလ ၅ ရက် နေ့က အာရက္ခတပ်တော် (AA) က ဖမ်းဆီးသွားကြောင်း The Daily Star သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတို့သည် နတ်မြစ်အတွင်း မြန်မာရေပိုင်နက်ထဲတွင် ငါးဖမ်းနေကြချိန် နေ့လယ် ၃ နာရီခွဲနှင့် ၄ နာရီကြား ဝန်းကျင်၌ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း တက်ကနာမြို့နယ်မှူး (UNO) အာဒနန်ချောင်ဒရီ၏ ပြောကြားချက်ကို ကိုးကားပြီး Daily Star က ဖော်ပြသည်။
၎င်းတို့၏ ငါးဖမ်းစက်လှေ ၁၅ စီးကိုပါ AA က သိမ်းယူသွားသည်ဟု အာဒနန်ချောင်ကရီက ပြောသည်။ နောက်ဆုံးရရှိသော သတင်းများအရ စက်လှေနှင့် လူများသည် ဖာတူနီယာရေလက်ကြားတွင် ရှိနေကြသည်ဟု သိထားကြောင်း အာဒနန်က ပြောသည်။
၎င်းတို့ကို ကယ်ဆယ်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကြိုးပမ်းနေကြသည်ဟု အာဒနန်၏ ပြောကြားချက်အရ သိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာစစ်ကောင်စီ၏ ရေတပ်သည် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၈ ဦးနှင့် စက်လှေ ခြောက်စီးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့၏ ပစ်ခတ်မှုကြောင့်လည်း ငါးဖမ်းသမား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သူတို့အားလုံးကို မြန်မာရေတပ်က နောက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
အာရက္ခတပ်တော်ကလည်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို အခါအားလျော်စွာ ဖမ်းဆီးမှုများ ရှိသည်ဟု Daily Star သတင်းတွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၇ ရက်နေ့ မွန်းတည့်ချိန်က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်အတွင်းရှိ အာရက္ခရေပိုင်နက်တွင်းသို့ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ငါးဦးကို AA က ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို ယာယီထိန်းသိမ်း စစ်ဆေးခဲ့ပြီး နောက်ထပ် ယခုကဲ့သို့ ခိုးဝင်ငါးဖမ်းမှုများ မပြုလုပ်ရန် လက်မှတ်ရေးထိုးစေကာ ၉ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း AA က နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/957408499766080

Leave a Reply

Your email address will not be published.