By Narinjara / 2024 November 29
![](https://newsvsinformation.com/wp-content/uploads/2024/12/image-1732909574100.webp)
မြန်မာ ဘက်ခြမ်း မှကျယ်လောင်သည့် ပေါက်ကွဲသံများကြောင့် ဘင်္ဂလားဒေ့ရှ် ၊ တက်ကနက်( Teknaf) နယ်စပ်ရှိဒေသခံများစိုးရိမ်ထိတ်လန့်မှုများထပ်မံဖြစ်ပွားခဲ့ကြောင်း Bdnews24 ကဖော်ပြသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော် တို့ အကြားတိုက်ပွဲများဖြစ်ပွားနေချိန်တွင် ၊ ကျယ် လောင်သည့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေခြင်းကြောင့် တက်ကနက် နယ်စပ်ဒေသရှိ ဒေသခံများသည် စိုးရိမ်ထိတ်လန့်မှုများ ထပ်မံဖြစ်ပွားခဲ့ရသည်။
တက်ကနက်၊အိုကီးယားနှင့် Naikhongchhari နယ်စပ်ဒေသများမှ ဒေသခံများသည် နိုဝင်ဘာ(၂၈)ရက်၊ ည ၈း၃၀ ဝန်းကျင်တွင် ကျယ်လောင်သော ပေါက်ကွဲသံ (၃)ကြိမ်မှ (၅)ကြိမ်အထိကြား ကြားခဲ့ရသည်ဟုသိရသည်။
“အဲဒီညက ကြားခဲ့ရတဲ့ ပေါက်ကွဲသံတွေက အလွန်ကြောက်စရာကောင်းပါတယ်” ဟု ဆားပြင်တိုက်နယ် ဥက္ကဋ္ဌ Nur Hossain က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများတွင် လွန်ခဲ့သည့်နှစ်များအတွင်း က ယင်းကဲ့သို့ကျယ်လောင်သည့် အသံမျိုး မကြားဖူး ကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါ အသံများကိုကြားရပြီးနောက် ထိတ်လန့်ကြောက်ရွံ့နေကြသည့် ဒေသခံအများအပြားသည် လမ်းမများပေါ်သို့ ပြေးထွက်လာကြသည်ဟုဆိုသည်။
ကျယ်လောင်သည့် ပေါက်ကွဲသံများကြောင့် ထိတ်လန့်ကြောက်ရွံ့နေကြသူများသည် ၄င်းတို့၏ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှတဆင့် ပို့စ်များကို မျှဝေခဲ့ကြသည်။
” မြန်မာဘက်ခြမ်း မှာ ဗုံးသုံးကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ဆူညံ ပြီး ကျယ်လောင်တဲ့ အသံက ဒီဘက်ခြမ်း(ဘင်္ဂလားဒေ့ရှ်) ထိကို တုန်လှုပ်သွားစေခဲ့ပါတယ်” ဟု မြို့ခံတစ်ဦးဖြစ်သူ Azizul Haque Rana က လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။
“နယ်စပ်တစ်ဘက်အခြမ်းကနေ ဆူညံ ပေါက်ကွဲသံ တွေ ကြောင့် တက္ကနက် နယ်စပ်ဒေသခံတွေ ဟာ ထိတ်လန့် ကြောက်ရွံ နေကြပါတယ်” ဟုတက္ကနက် ရှိ Kulalpara တွင်နေထိုင်သူ National Daily ၏ သတင်းထောက်တစ်ဦးဖြစ်သူအဗ္ဗဒူလာဆလမ် က ရေးသားဖော်ပြခဲ့သည်။
“ပေါက်ကွဲသံတွေ ကနေ ကျယ်လောင်တဲ့အသံတွေထပ်တလဲလဲကို ပေါ်ထွက်လာပါတယ်။အို – ဘုရားသခင်၊ ကျေးဇူးပြု၍ ကျွန်တော် တို့ကိုကာကွယ် စောင့်ရှောက်တော်မူ ပါ၊ လူတိုင်းကိုစောင့်ရှောက်တော်မူ ပါ” ဟု တက္ကနက် မြူနီစီပယ်၏ကောင်စီဝင်ဖြစ်သူ Hossain Ahmed ဟူစိတ်အာမက်က လူမှုကွန်ရက် တွင်ရေးသားခဲ့သည်။
https://www.facebook.com/narinjara.info/posts/993303312836798