မြန်မာနိုင်ငံမှာ ကလေးငယ်တစ်သန်းကျော်အပါအဝင် လူပေါင်းသုံးသန်းကျော် အိုးအိမ်မဲ့ဖြစ်နေရဟု ယူနီဆက်သတိပေး

By Narinjara / 2024 November 21

မြန်မာနိုင်ငံတွင် လူပေါင်း (၃.၄)သန်းကျော်သည် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး (၁.၄)သန်းခန့် သည်ကလေးငယ်များ ဖြစ်ကြောင်း၊ကလေးများနှင့် မိသားစုများကို အကာအကွယ်ပေးရေး လုပ်ဆောင်ကြရန်ယူနီဆက်က တိုက်တွန်းပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုတိုးလာနေကြောင်း ယူနီဆက်ကသတိပေးလိုက်ပြီးကလေးများနှင့် မိသားစုများကို အကာအကွယ်ပေးရေး လုပ်ဆောင်ကြရန်ကိုလည်း တိုက်တွန်း လိုက်သည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် ပြင်းထန်သော အလှည့်အပြောင်းတစ်ခုဆီသို့ ရောက်ရှိနေပြီဖြစ်ကြောင်းအကြမ်းဖက်မှုနှင့် ရာသီဥတုဆိုင်ရာ ကပ်ဘေးများကြောင့် သန်းနှင့်ချီသော ကလေးများနှင့် မိသားစုများကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေသည်ဟု ယူနီဆက်က နိုဝင်ဘာ(၂၁)ရက် သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာ နိုင်ငံအတွင်း လူပေါင်း (၃.၄) သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး (၄၀) ရာခိုင်နှုန်း နီးပါး (၁.၄ သန်း ခန့်)မှာ ကလေးငယ်များ ဖြစ်ကြသည်ဟုယူနီဆက် ၏ အဆိုအရသိရသည်။

UNICEF ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Catherine Russell သည် မကြာသေးမီက မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခဲ့ပြီး ကလေးများအပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများကို မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။

“ကလေးတွေရဲ့ ဝေဒနာဟာ ကြေကွဲဖွယ်ရာပါပဲ” ဟု Catherine Russell က ဆိုသည်။

အကြမ်းဖက်မှုတွေကို ခံနေ ရပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးအပါအဝင် အသက်ကယ်ဝန်ဆောင်မှုတွေကနေ ဖြတ်တောက်ခြင်းခံနေ ရပါတယ်။မိသားစုတွေဆီက ကြားခဲ့ရတဲ့ ဇာတ်လမ်းတွေက ရင်ထဲဆို့နစ်စေပါတယ်။အကြောက်တရားတွေ နဲ့ နေထိုင်ရတဲ့ ကလေးတွေဟာ အခြေခံလိုအပ်ချက်တွေ မရရှိဘဲ အလှမ်းဝေးလျက်ရှိနေပါတယ် ၊ စစ်ပွဲရဲ့ ကြောက်မက်ဖွယ်ရာမကောင်းမှုတွေနဲ့ရင်ဆိုင် ကြုံတွေ့နေရပါ တယ်”ဟု ၄င်းကဆက်လက်ပြောဆိုသည်။

“အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို လေးစားလိုက်နာ ကြဖို့၊ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကနေ ကလေးတွေကို ကာကွယ်ဖို့ ၊ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးအတွက် အရေးတကြီး လိုအပ်ကြောင်း ထင်ရှားတဲ့ သတိပေးချက်ဖြစ်ပါတယ်”ဟု ၄င်းကထပ်လောင်း ပြောဆိုသည်။

၂၀၂၄ ခုနှစ်တစ်ခုတည်းတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် အနည်းဆုံး ကလေး ၆၅၀ သည် သေဆုံးခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်ပွဲအကြွင်းအကျန်များကြောင့် အရပ်သားသေဆုံးမှု ၁,၀၀၀ ကျော်၏ ၃၂ ရာခိုင်နှုန်း သည်လည်း ကလေးငယ်များ ဖြစ်သည်။

အရပ်သားများနေထိုင်ရာ ဒေသများလေကြောင်းတိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်းများအပါအဝင် လူကိုသေစေတတ်သောလက်နက်များကိုအသုံးပြုခြင်းသည် ကလေးငယ်များ အား အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်ခံရမှုနှင့် စိတ်ဒဏ်ရာရမှုများကို ကြုံတွေ့ရစေသည်ဟု ယူနီဆက်က ဆိုသည်။ Source/Devdiscourse

https://www.facebook.com/narinjara.info/posts/987424090091387

Leave a Reply

Your email address will not be published.