မြန်မာနယ်စပ်မှာ ငါးဖမ်းသမားတွေကို ပစ်ခတ်နေခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်ထုတ်ဖော်ပြော

By Narinjara / 2024 November 11

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားများကို ပစ်မှတ်ထားပြီး ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာကို အလေးအနက်စိုးရိမ်ပူပန်ကြောင်း၊အဆိုပါဖြစ်ရပ်မျိုးထပ်မံမဖြစ်ပွားအောင် အစီအမံတွေချမှတ် ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် ကမြန်မာကို သတိပေး ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်ဖြစ်သူ Md Jashim Uddin ကဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး နှင့်နို၀င်ဘာ(၁၀)ရက်က တွေ့ဆုံချိန်တွင် အဆိုပါ ကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း The Daily Star သတင်း ကဖော်ပြသည်။

၄င်းတို့တွေ့ဆုံစဉ်အတွင်း Jashim Uddin သည် မြန်မာနိုင်ငံ ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခ ၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း ပြင်းထန် လာနေသည့်ပဋိပက္ခများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို အလေးထား ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။

မြန်မာ နိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ဆီ သို့ ရောက်ရှိမလာအောင် တားဆီးရန်လိုအပ်ကြောင်းကိုလည်း ၎င်းက အလေးအနက် ထားပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်တွေက ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ အသိုင်းအဝိုင်းတွေကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး သူတို့ရဲ့နေ့စဉ်လူနေမှု ဘဝတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု ၎င်းကထပ်လောင်းပြော ဆိုသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားမှုများပိုမိုများပြားလာနေပြီးမကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ရိုဟင်ဂျာများ ဝင်ရောက်လာသည့် အပေါ် နိုင်ငံခြားရေး အတွင်းဝန်က ထပ်မံသတိပေး ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံသား( ၁.၂)သန်းကျော် လက်ခံထားပြီးဖြစ်သည်ဟု ဆိုသည်။

Jashim Uddin သည်မကြာသေးမီက ကော့ဘဇားသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဒုက္ခသည်စခန်းများအတွင်း တရားဥပဒေ စိုးမိုးရေးယိုယွင်းလာကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် အကြမ်းဖက် ပဋိပက္ခများကဲ့သို့ ရာဇ၀တ်မှုများ တိုးမြင့်လာသည်ကို သတိပြုမိခဲ့သည်။

ဒုက္ခသည်များ ကြောင့် ဘင်္ဂလားဒေ့ရှ်အ နေ ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးအရ ထိခိုက်မှုများရှိလာနေသည့် အတွက် မြန်မာနိုင်ငံကို ပြန်ချင်လိုကြသည့် ရိုဟင်ဂျာများကိုအမြန်ဆုံးပြန်ပို့ဖို့ ၄င်းက တိုက်တွန်းခဲ့သည်။

၄င်းတို့အား နေရပ်ပြန်ပို့ရေး လိုအပ်သည့်အပေါ်သဘောတူကြောင်း၊ ရွှေ့ပြောင်းအခြေချမှုအကျပ်အတည်းအတွက် အဖြေရှာရန် အရေးကြီးကြောင်း မြန်မာသံအမတ်ကြီးက အသိအမှတ်ပြုခဲ့သည်။

မကြာသေးမီက UNDP သတိပေးချက်ထုတ်ပြန်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ငတ်မွတ်ခေါင်းပါးမှုဖြစ်နိုင်ခြေကို ကိုလည်း ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရွှေ့ပြောင်းလာမှုများ ထပ်မံဖြစ်ပွားမှုမရှိစေရန် အတွက် အလျင်အမြန် တုန့်ပြန် ဆောင်ရွက်ကြရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်က တိုက်တွန်းခဲ့သည်။

The Daily Star ရဲ့ “Firing at fishermen: Dhaka raises concerns to Myanmar” ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

https://www.facebook.com/narinjara.info/posts/979305994236530

Leave a Reply

Your email address will not be published.